- စပါးများ ရောင်းမထွက်နိုင်ဘဲ သောင်တင်နေကြောင်း ရခိုင်တောင်သူများ ပြော
- ဝေးလံခေါင်ဖျားဒေသက ကလေးများ ပညာသင်နိုင်ရေး ရက္ခိုင်ကျောင်းသားသမဂ္ဂ စီစဉ်နေ
- လူမနေသည့် အိမ်မှ ပစ္စည်းခိုးသူများကို AA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး
- ရခိုင်တွင် ကလေးလုပ်သား အများအပြား တွေ့လာရ
- ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်
လူမနေသည့် အိမ်မှ ပစ္စည်းခိုးသူများကို AA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး
ရခိုင်ပြည်၊ တောင်ကုတ်တိုက်ပွဲကာလအတွင်း မြို့ခံများ စစ်ဘေးရှောင်နေစဉ် မြို့တွင်းနေအိမ်များမှ ပစ္စည်းခိုးသူများနှင့် ပစ္စည်းလက်ခံသူ လူ ၃၀ ခန့်ကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
26 Jul 2025

DMG ၊ ဇူလိုင် ၂၆
ရခိုင်ပြည်၊ တောင်ကုတ်တိုက်ပွဲကာလအတွင်း မြို့ခံများ စစ်ဘေးရှောင်နေစဉ် မြို့တွင်းနေအိမ်များမှ ပစ္စည်းခိုးသူများနှင့် ပစ္စည်းလက်ခံသူ လူ ၃၀ ခန့်ကို ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့ DLEPS တပ်ဖွဲ့ဝင်များက ညဉ့်အချိန်ကင်းလှည့်နေစဉ် ပစ္စည်းခိုးယူသူ ၂၃ ဦးနှင့် ပစ္စည်းလက်ခံသူ ၆ ဦး စုစုပေါင်း ၂၉ ဦးကို ဇူလိုင်လ ၁၈ ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" တိုက်ပွဲကာလကလည်း အိမ်ထဲထိ ဖောက်ဝင်ပြီး အိမ်မှာ ရှိသမျှ အကုန်မွှေပြီး အိုးခွက်တွေက အစ ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို ခိုးကြတယ်။ အခု မြို့ထဲမှာ အေအေက ကင်းလှည့်တာတွေ ရှိပေမယ့် အိမ်ဖောက်ခိုးတဲ့ လူတွေ ရှိနေတုန်းပဲ " ဟု တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ဖမ်းဆီးထားသူများကို ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် မြို့ခံအချို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်သော်လည်း အချို့မှာ မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ကြောင့် ပြန်မရောက်ကြသေးပေ။ ယင်းကြောင့် လူနေထိုင်ခြင်း မရှိသည့် နေအိမ်များအား ဖောက်ထွင်းကာ ပစ္စည်းခိုးယူမှုများ ရှိနေခြင်းဖြစ်သည်။
ထို့အတူ ယခင်က တိုက်ပွဲကာလကို အခွင့်ကောင်းယူပြီး စစ်ဘေးရှောင် နေအိမ်များက တန်ဖိုးရှိ ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များ၊ ကျွဲ၊ နွား၊ ကြက်၊ ဝက်တိရစ္ဆာန်များကို သူခိုးများက ခိုးယူဖျက်ဆီးခြင်းများ ပြုလုပ်မှုများ ရှိခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်နေပြီး လုံခြုံရေး ကင်းလှည့်ခြင်း၊ ဖမ်းဆီးရမိသည့် နေအိမ်ဖောက်ထွင်းမှု ကျူးလွန်သူများကို အရေးယူနေသော်လည်း တစ်ဖက်တွင် မြို့ခံများက လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသည်။
" ကျနော်တို့မိသားစုက မြို့ထဲဝင်ပြီး မနေနိုင်သေးဘူးဆိုတော့ အိမ်မှာ ဘာတွေ ခိုးယူခံရလဲ မသိဘူး။ အိမ်နားက လူတွေမှာတော့ ဆိုင်ကယ်နဲ့ ရေခဲသေတ္တာတွေ ပါသွားပြီလို့ ကြားရတယ်။ တိုက်ပွဲတုန်းက ထိန်းဖို့မလွယ်ပေမယ့် အခု တပ်တော်အနေနဲ့ မြို့လုံခြုံရေးကို ပိုပြီး တိုးမြှင့်လုပ်ပေးစေချင်တယ်။ အရေးယူတာကိုလည်း အရင်ထက် တင်းတင်းကျပ်ကျပ် လုပ်ပေးစေချင်တယ် " ဟု ချောင်းကောက်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် တရားဉပဒေစိုးမိုးရေးလုပ်ငန်းများ စတင်နေသည်။
အာရက္ခတပ်တော်ထိန်းချုပ်ရာ လူဝင်ခွင့်မရသေးသည့် အခြားသော ပုဏ္ဏာကျွန်း၊ ပေါက်တော၊ သံတွဲ၊ ၊ အမ်း၊ ရသေ့တောင်စသည့် မြို့များတွင်လည်း လူမရှိသည့် နေအိမ်များကနေ အဖိုးတန်နှင့် အခြားပစ္စည်း ခိုးယူမှုများရှိနေကြောင်း သိရသည်။