- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
မအီ ခြေတော်ရာချောင်းတွင် လူငယ်တစ်ဦး ရေနစ်သေဆုံး
မောင်အောင်မိုးပေါ်နှင့် ၎င်း၏သူငယ်ချင်းများမှာ မအီဂျိုင်အပန်းဖြေစခန်းတွင် အနားယူပြီး မအီးခြေတော်ရာကို ဖူးမျှော်ရန် ခရီးထွက်လာကြရင်း မတော်တဆဖြစ်ပွားကာ မောင်အောင်မိုးပေါ် သေဆုံးခဲ့ရခြင်းဖြစ်သည်။
15 Jan 2023

ရေနစ်သေဆုံးသွားသူ မောင်အောင်မိုးပေါ်
DMG ၊ ဇန်နဝါရီ ၁၅
မအီမြို့၊ မအီချောင်း မအီခြေတော်ရာအနီးတွင် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။ သေဆုံးသူမှာ ကျောက်ဖြူမြို အရာရှိရပ်ကွက်မှ မောင်အောင်မိုးပေါ် ဖြစ်သည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မောင်အောင်မိုးပေါ် အပါအဝင် သူငယ်ချင်း ၄ ဦးတို့သည် မအီချောင်းအတွင်း အပျော်စီးလှေစီးနေစဉ် ရေစီးကြမ်းလာသဖြင့် လှေပေါ်မှခုန်ချခဲ့ကြရာမှ မောင်အောင်မိုးပေါ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူငယ်ချင်းများက ပြောသည်။
“ကျနော်တို့ လှေစီးနေရင်းနဲ့ ရေစီးတအားကြမ်းလာတော့ လှေပေါ်ကခုန်ချခဲ့ကြတယ်။ သူက နောက်ဆုံးမှ ခုန်ချခဲ့တာ။ သူခုန်ချတော့ မပေါ်လာတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ ချက်ချင်းပဲ သူ့ကို ကယ်ဆယ်ခဲ့ကြတယ်။ အချိန်က ဘယ်လောက်မှ မကြာဘူး။ ဆယ့်ငါးမိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်ထဲမှာကို ဖြစ်သွားတာ”ဟု သူငယ်ချင်းဖြစ်သူ မောင်သားကြီးအောင်က ပြောသည်။
မောင်အောင်မိုးပေါ် သေဆုံးရခြင်းမှာ ယင်းနေရာအနီးတွင် ရှေးဦးသူနာပြုစုနည်းကို နားလည်သူမရှိသောကြောင့် အချိန်တိုအတွင်း အသက်ဆုံးရှုံးခဲ့ရခြင်းအား ယူကျုံးမရဖြစ်မိသည်ဟု ဖခင်ဖြစ်သူ ဦးတင်အောင်စိုးကပြောသည်။
“သူနဲ့အတူပါသွားတဲ့ သူငယ်ချင်းတွေ၊ ပြီးတော့ အဲနားမှာရှိတဲ့လူတွေသာ ရှေးဦးသူနာပြုနည်းတွေကို သိထားခဲ့မယ်ဆိုရင် ကျနော့်သားရဲ့အသက်ကို ဆုံးရှုံးခဲ့ရမှာ မဟုတ်ဘူး။ ကျနော့်သားကို သူတို့ ကူညီကယ်ဆယ်ခဲ့ကြပေမဲ့ ဒါတွေကို နားမလည်ထားတော့ အဲဒီ ၁၅ မိနစ်လောက်ဆိုတဲ့ အချိန်ထဲမှာ အသက်ဆုံးရှုံးလိုက်ရတာ” ဟု ဦးတင်အောင်စိုးကပြောသည်။
သေဆုံးသူ မောင်အောင်မိုးပေါ်မှာ ၂၀၂၁ ခုနှစ်က တက္ကသိုလ်ဝင်တန်းကို ဘောဂဗေဒဘာသာဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ထားသူဖြစ်သည်။
ယခုကဲ့သို့ မတော်တဆမှုနှင့် အသက်ဆုံးရှုံးမှုများ နောက်ထပ်မဖြစ်စေရန် တာဝန်ရှိသူများအနေဖြင့် မအီချောင်းအတွင်း ရေအတိမ်အနက်၊ အန္တရာယ်ရှိသည့်နေရာများကို သတိပေးဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များ ထားရှိခြင်းအပြင် ပြည်သူများအနေဖြင့်လည်း ရှေးဦးသူနာပြုစုနည်းများကို သင်ယူထားသင့်ကြောင်း ဦးတင်အောင်စိုးက ဆက်ပြောသည်။
မောင်အောင်မိုးပေါ်နှင့် ၎င်း၏သူငယ်ချင်းများမှာ မအီဂျိုင်အပန်းဖြေစခန်းတွင် အနားယူပြီး မအီးခြေတော်ရာကို ဖူးမျှော်ရန် ခရီးထွက်လာကြရင်း မတော်တဆဖြစ်ပွားကာ မောင်အောင်မိုးပေါ် သေဆုံးခဲ့ရခြင်းဖြစ်သည်။
မအီချောင်းတွင် သမိုင်းဝင် ဗုဒ္ဓခြေတော်ရာနှစ်ဆူနှင့် မအီဂျိုင်အပန်းဖြေစခန်းရှိပြီး ပွင့်လင်းရာသီကာလမျိုးတွင် ရခိုင်ပြည်အနှံ့အပြားမှ ဘုရားဖူးလာရောက်သူများ၊ အပန်းဖြေရန် လာရောက်သူများဖြင့် စည်ကားလေ့ရှိသော နေရာတစ်ခုလည်းဖြစ်သည်။
#I008