ရခိုင်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမည်ဟု သတင်းထွက်ပေါ်နေ

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်သို့ လာမည်ဆိုသည့်သတင်းများထွက်ပေါ်နေပြီး သံတွဲနှင့် စစ်တွေမြို့တို့တွင် လုံခြုံရေးများ တင်းကျပ်စွာချထားသည်။

By Admin 18 Jan 2023

ရခိုင်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမည်ဟု သတင်းထွက်ပေါ်နေ

(၇၇) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။

DMG ၊ ဇန်နဝါရီ ၁၇

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်သို့ လာမည်ဆိုသည့်သတင်းများထွက်ပေါ်နေပြီး သံတွဲနှင့် စစ်တွေမြို့တို့တွင် လုံခြုံရေးများ တင်းကျပ်စွာချထားကြောင်း မြို့ခံများထံမှ သိရသည်။

သံတွဲမြို့ မင်းဘာကြီးလမ်းမ၊ သံတွဲ-ငပလီ ကားလမ်း၊ မြို့တော်ခန်းမနှင့် လေယာဉ်ကွင်းလမ်းများတွင် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်)မှစ၍ စစ်တပ်နှင့် ရဲအင်အား အများအပြားချထားကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာတော့ နေရာတိုင်းလိုလိုမှာ စစ်တပ်နဲ့ ရဲက လုံခြုံရေးချထားတာရှိတယ်။ နောက်ပြီးတော့ လမ်းတွေကိုလည်း ထုံးဖြူတွေနဲ့ စည်းတားထားတာတွေ လုပ်နေတယ်။ ပြောသံကြားတာကတော့ သူ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ရောက်မယ်လို့ ကြားတယ်။ မနေ့ကတည်းက လုံခြုံရေးတွေ တင်းကျပ်ထားတာပါ”ဟု ၎င်းကဆိုသည်။

သံတွဲမြို့တွင် ကျူးကျော်ဈေးဆိုင်များကို ပြီးခဲ့သည့်ရက်ပိုင်းက စတင်ဖြိုဖျက်ကာ လမ်းများကိုလည်း သန့်ရှင်းရေးများ ပြုလုပ်ထားကြောင်း နောက်ထပ် သံတွဲမြို့ခံတစ်ဦးကပြောသည်။

“ကျနော်တို့ ပြောသံကြားတာကတော့ တစ်ပတ်လောက်ရှိပြီ။ အဲဒါကြောင့် လမ်းမပေါ်က ကျူးကျော် ဈေးဆိုင်တွေကို ဖြိုဖျက်တာရှိတယ်။ နောက်ပြီးတော့ လမ်းတွေကိုလည်း သန့်ရှင်းရေးလုပ်နေတာ တစ်ပတ်လောက်ရှိပြီ။ လမ်းတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ထားတာ တွေ့ရတယ်။ ဘယ်နေ့လာမယ် ဆိုတာတော့ အတိအကျမသိဘူး”ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်သို့လာမည်ဟု သတင်းထွက်ပေါ်နေသည့်အပေါ် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

စစ်တွေမြို့တွင်လည်း လမ်းမကြီး၊ မင်းဘာကြီးလမ်း၊ ကမ်းနားလမ်းနှင့် အစိုးရဧည့်ဂေဟာအနီးတို့တွင် လုံခြုံရေးများ တင်းကျပ်စွာချထားသည်ကို တွေ့ရကြောင်း စစ်တွေမြို့ခံများကပြောသည်။

“အဓိကတော့ လေယာဉ်ဆိပ်တွေနဲ့ လမ်းမတွေမှာ အခုရက်ပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားတာတွေ တွေ့ရတယ်။ လူကြီးတစ်ယောက်လာမယ်ဆိုတာတော့ သိသာနေတာပေါ့။ မြို့က လမ်းပျက်စီးနေတာတွေကို ပြုပြင်ပြီးတော့ သန့်ရှင်းရေးတွေလုပ်နေတာတွေကိုလည်း တွေ့ရတယ်။ နောက်ပြီးတော့ မြောက်ဦးကိုလည်း ဘုရားဖူး သွားနိုင်တဲ့အတွက် ကားလမ်းမတွေမှာလည်း လုံခြုံရေးတွေ ချထားတာတွေ့ရတယ်။ အခုဆိုရင် တချို့လူကြီးတွေဆို ရောက်နေကြပြီလို့ သတင်းတွေထွက်ပေါ်နေတာတွေရှိပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသာမှုရှိသည်ဟုအကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ စစ်အုပ်ချုပ်ရေးနှင့် ၂ နှစ်ကြာ သွားခဲ့ပြီးနောက် လက်ရှိတွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပေးရန် ပြင်ဆင်ကြိုးပမ်းလျက်ရှိသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ယာယီအပစ်အခတ်ရပ်ခဲ့ပြီး ယင်းနောက်တွင် နှစ်ဘက်စစ်သုံ့ပန်းများ လှဲလှယ်ခြင်းများကိုလည်း နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်၊ စစ်တွေမြို့သို့ လာရောက်ကာ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

#R007

ဗီဒီယိုများ