- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
တရုတ်နိုင်ငံ၊ ကူမင်းကနေ ရခိုင်ပြည်၊ ကျောက်ဖြူအထိ ချိတ်ဆက်မည့် ရထားလမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင်က တရုတ်အစိုးရကို ပြောဆိုလိုက်သည်။
01 Sep 2025

DMG ၊ စက်တင်ဘာ ၁
တရုတ်နိုင်ငံ၊ ကူမင်းကနေ ရခိုင်ပြည်၊ ကျောက်ဖြူအထိ ချိတ်ဆက်မည့် ရထားလမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင်က တရုတ်အစိုးရကို ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ၊ ပေကျင်း- ကူမင်း- ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည့် မူဆယ်- မန္တလေး မီးရထားလမ်းပိုင်းက တစ်ဆင့် မန္တလေး- ကျောက်ဖြူသို့ ချိတ်ဆက်မည့် ရထားလမ်းပိုင်းကို အကောင်အထည်ဖော်နေကြောင်း ဆိုသည်။
" လက်ရှိမှာ မူဆယ်-မန္တလေး မီးရထား လမ်းသစ်ဖောက်လုပ်ရေး စီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရထားလမ်း စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ် " ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သြဂုတ် ၃၁ ရက်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့ရှိ Tangle Hotel ၌ ကျင်းပသော မြန်မာ- တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေးမြို့သို့ ချိတ်ဆက်ဖောက်လုပ်မည့် မန္တလေး - မူဆယ် မီးရထားလမ်းသည် တရုတ်နိုင်ငံတွင် ဆောက်လုပ်နေသော ပေကျင်း- ကူမင်း-ရွှေလီ အမြန်ရထား လမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။ ယင်းမှ တစ်ဆင့် မန္တလေးကနေ ရခိုင်ပြည် ကျောက်ဖြူမြို့သို့ ဆက်လက်ချိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းရှိ ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည်နယ်များကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက် ရရှိစေနိုင်သော အခွင့်အလမ်း ကောင်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့်အလား အလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
သို့သော်လည်း တရုတ် လိုချင်နေသည့် ရထားလမ်းစီမံကိန်းလမ်းကြောင်းမှာ ကျောက်ဖြူ၊ မကွေး၊ မန္တလေး ၊ ရှမ်းမြောက်ဒေသအထိ ချိုတ်ဆက်ထား၍ ရခိုင်ဒေသအပြင် မြန်မာနိုင်ငံရေးနှင့် စစ်ရေး အရွေ့ကိုပါ ထည့်သွင်းစဉ်းစားရမည့် အခြေအနေကို ရောက်ရှိနေကြောင်း ကျောက်ဖြူဒေသခံများက ပြောသည်။
တရုတ်စီမံကိန်းများ စောင့်ကြည့်လေ့လာသူ ဦးထွန်းကြည်က " တရုတ် အဓိက လုပ်ချင်နေတဲ့ ယူနန်နဲ့ ကျောက်ဖြူ ချိတ်ဆက်ရေး ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ဖြစ်လာဖို့က တရုတ်ရဲ့ အဓိက အိပ်မက်ဖြစ်တယ်။ ဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့က မကွေး၊ မန္တလေးတို့၊ ရှမ်းမြောက်၊ ရှမ်းပြည်တို့နဲ့ ပြည်မကို အုပ်စိုးလာနိုင်တဲ့ လူတွေနဲ့ အဆင်ပြေဖို့ လိုတယ် " ဟု ပြောသည်။
၎င်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ် ခရီးစဉ်တွင် ထည့်ပြောခဲ့သည်။
ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သဘာဝဓာတ်ငွေ့သုံးစွမ်းအင် စီမံကိန်း၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ-အမ်းရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ကားလမ်း စီမံကိန်းများ ဖြစ်သည်။
စီမံကိန်းအားလုံးမှာ လက်ရှိ မြန်မာနိုင်ငံတော်လှန်ရေး အခင်းအကျင်းနှင့် သက်ဆိုင်နေသဖြင့် ဖြစ်နိုင်ခြေ နည်းနေသေးကြောင်း သုံးသပ်မှုများ ရှိနေသည်။
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက " စစ်ကောင်စီတပ်တွေတောင်မှ မြို့ထဲက မြို့ပြင် ထွက်လို့မရတဲ့ အခြေအနေမှာ ဒီလုပ်ငန်း စဖို့ဆိုတာ သူတို့ဖြစ်ချင်တာကို ပြောနေတာပဲ ဖြစ်တယ်။ လက်တွေ့မှာတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး " ဟု ပြောသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်တွင် တရုတ်၏ စီမံကိန်း ၁၁ ခုအနက် ၈ ခုကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီး ၃ ခုကိုသာ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလတွင် ISP-Myanmar က ထုတ်ပြန်သည်။
အဆိုပါ စီမံကိန်းများမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သဘာဝဓာတ်ငွေ့သုံးစွမ်းအင် စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ-အမ်းရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း၊ မန္တလေး-ကျောက် ဖြူ ကားလမ်း၊ ကျောက်ဖြူ-နေပြည်တော်ကားလမ်းနှင့် သံတွဲလေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။