မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး

လက်ရှိ မိုင်းပေါက်ကွဲဖြစ်ပွားသည့် နေရာအနီးတွင် မြန်မာစစ်တပ်၏ (၃၇၉)တပ်ရင်း၊ (၃၈၀)တပ်ရင်းနှင့် တပ်မ(၅၅)တို့ တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

By Admin 27 Jan 2023

မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး

ဖားပြိုကျေးရွာအနီးတွင် မိုင်းနင်းမိ၍ သေဆုံးသွားသူ။ / ဓာတ်ပုံ - CJ

DMG ၊ ဇန်နဝါရီ ၂၇

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ယနေ့(ဇန်နဝါရီလ ၂၇ ရက်) မွန်းလွဲပိုင်းက အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

သေဆုံးသူမှာ ဦးသန်းရွှေမောင်(၅၃)နှစ်ဖြစ်ပြီး ကျေးရွာနှင့် ၂ ဖာလုံခန့်ဝေးသည့် ရာမောင်တံတားအရှေ့ဘက်၊ ဆနွင်းတောင်အနီးသို့ သစ်ခုတ်ရန်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ကိုစိုးမြင့်သန်းက ပြောသည်။

“သူတစ်ယောက်တည်း သစ်လုံးတွေ ခုတ်ဖို့သွားတာ။ အဲဒီမှာ မိုင်းနင်းမိတယ်။ ခြေနှစ်ချောင်းလုံး ပြတ်သွားတယ်။ သူအော်သံကိုကြားလို့ ရွာသားတွေသွားကြည့်တော့ သူအသက်မရှိတော့ဘူး။ သွေးထွက်လွန်ပြီး သေသွားတာ။ မိသားစုတွေကတော့ ယူကျုံးမရဖြစ်နေရပါတယ်”ဟု ကိုစိုးမြင့်သန်းက ပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကို ဖားပြိုသင်္ချိုင်းသို့ ပို့ဆောင်ထားပြီး မနက်ဖြန် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မိုင်းပေါက်ကွဲဖြစ်ပွားသည့် နေရာအနီးတွင် မြန်မာစစ်တပ်၏ (၃၇၉)တပ်ရင်း၊ (၃၈၀)တပ်ရင်းနှင့် တပ်မ(၅၅)တို့ တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

မင်းပြားမြို့မှ လူ့အခွင့်အရေး ဆောင်ရွက်နေသူတစ်ဦးက “ဆင်းရဲပင်ပန်းလို့ လုပ်ကိုင်စားသောက်နေတာ။ အခုလို အသက်တွေဆုံးရှုံးရတော့ ပြည်သူတွေမှာ လုံခြုံမှုမရှိတော့ဘူး။ နောက်နောင် ဒီလိုအသက်တွေ မဆုံးရှုံးရအောင်လည်း သေသေချာချာလုပ်ပေးဖို့ လိုအပ်ပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်း မိုင်းတွေကို ရှင်းလင်းပေးစေချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ရပ်တန့်နေသည့်ကာလအတွင်း မြေမြုပ်မိုင်းကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုမှာ တဖြည်းဖြည်းများလာနေသည်။

ယမန်နေ့(ဇန်နဝါရီလ ၂၆ ရက်)ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာ အနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်တွင် တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်းမှ ယနေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅ ဦးအထိ ရှိသည်။

DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှထုတ်ပြန်သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့သည်။

#R010

ဗီဒီယိုများ