ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ

ရခိုင်ပြည်၊ မြို့နယ် ၃ ခုက စစ်ဘေးရှောင် ကလေးငယ် ၂၀,၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ စာသင်ကျောင်းမှာ ရန်ပုံငွေ အခက်အခဲကြောင့် ရပ်တန့်ထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

By Admin 27 Aug 2025

လင်းရောင်ခြည်ဖောင်ဒေးရှင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများကို ၂၀၂၅ ဖေဖော်ဝါရီလက တွေ့ရစဉ်။
လင်းရောင်ခြည်ဖောင်ဒေးရှင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများကို ၂၀၂၅ ဖေဖော်ဝါရီလက တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၇

ရခိုင်ပြည်၊ မြို့နယ် ၃ ခုက စစ်ဘေးရှောင် ကလေးငယ် ၂၀,၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်း၏ အခမဲ့ စာသင်ကျောင်းမှာ ရန်ပုံငွေ အခက်အခဲကြောင့် ရပ်တန့်ထားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းတွင် ယခုစာသင်နှစ် (၂၀၂၅-၂၀၂၆) အတွက် KG မှ Grade- 9 အထိ စစ်ဘေးရှောင် ကျောင်းသား/ သူ ၂,၀၁၆ ဦးအထိ ရှိပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင် ကျောင်းများ ဖွင့်လှစ်ထားခြင်းသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက " လက်ရှိမှာတော့ အလှူငွေ လုံးဝနီးပါး မရှိတော့တဲ့အတွက် တချို့ကျောင်းတွေကို ရပ်ထားရတယ်။ ကျန်ကလေးတွေအတွက်ကိုတော့ အကြွေးယူပြီး သင်နေတာရှိတယ်။ ငွေကြေးအခက်အခဲကြောင့် အခမဲ့ပညာ သင်ကြားနေတာတွေ အကုန်ရပ်သွားနိုင်တယ်။ ပြီးတော့ အသင်းရဲ့ လုပ်ဆောင်ချက်တွေလည်း လုံးဝရပ်သွားနိုင်တဲ့ အနေအထားမှာ ရှိတယ် " ဟု ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းအနေဖြင့် လက်ရှိတွင် မြို့နယ် ၃ ခုရှိ ကျောင်း ၉ ကျောင်း ဖွင့်လှစ်ထားရာ ကျောင်းသား/သူ ၂,၀၁၆ ဦး ထဲမှ ၁,၆၈၇ ဦးကိုသာ ပညာဆက်လက်သင်ကြားပေးနေရပြီး ကျန်ကလေးငယ်များအတွက် ကျောင်းများကို ရပ်နားထားရခြင်းဖြစ်သည်။

၎င်းတို့ ပညာသင်ကြားရေးတွင် ကျောင်းသား/သူများအတွက် စာအုပ်၊ ခဲတံစသည့် သင်ထောက်ကူပစ္စည်းများ၊ ကျန်းမာရေး အထောက်အပံ့များနှင့် ဆရာ/ဆရာမငှားရမ်းခြင်း စသည့် ကုန်ကျစရိတ်မှာ တစ်လအတွက် ငွေကျပ် သိန်း ၁၇၀ အထိ ကုန်ကျမှုရှိကြောင်း သိရသည်။

ရပ်နားထားရမည့် အခြေအနေကြောင့် ကျောင်းသားများ ပညာသင်ကြားခွင့် ပိုမိုအခက်အခဲရှိလာနိုင်သဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန်လည်း လင်းရောင်ခြည်ဖောင်ဒေးရှင်းက တိုက်တွန်းထားသည်။

" ကျတော်တို့ လုံးဝရပ်သွားရရင် ဒီကလေးတွေအတွက် ပညာရေးနဲ့ လုံးဝကင်းကွာသွားနိုင်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်လည်း အစားထိုးမရတဲ့ နစ်နာမှုလည်းဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အသိုင်းအဝန်းဖြစ်ဖို့က ပညာတတ် မျိုးဆက်သစ်တွေ အများကြီးလိုအပ်တာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့လည်း နှိုးဆော်ပါတယ် " ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်များတွင် စာသင်ကျောင်းများကို ဖွင့်လှစ်ထားသော်လည်း စစ်ဘေးရှောင်ကလေးများအပါအဝင် ကျောင်းသားအချို့မှာ စားဝတ်နေရေးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရသည်။

စစ်ဘေးရှောင်များမှာ အလုပ်အကိုင်ရှားပါးသဖြင့် ဝင်ငွေပုံမှန်မရှိခြင်းနှင့် ကူညီထောက်ပံ့မှုမရရှိခြင်းကြောင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေကြရသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်များတွင် ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးများမှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ ဝမ်းရေးအတွက် တောင်းရမ်းစားသောက်မှုများ ရှိနေကြသည်။

တစ်ဖက်တွင်လည်း မြို့နယ်အလိုက် လူမှုကူညီရေးလုပ်နေသည့် အဖွဲ့အစည်းများက အခမဲ့ ပညာသင်ကြားရေးစနစ်အား စီစဉ်အကောင်ထည်ဖော်လျက်ရှိသည်။

ယင်းကဲ့သို့ အခမဲ့ပညာသင်ကြားရေးစနစ်ဖြင့် ပညာသင်ကြားပေးနေသော်လည်း အချို့စစ်ဘေးရှောင် ကျောင်းသား/သူများမှာ အခြားသော အသုံးစရိတ်များမတတ်နိုင်သဖြင့် ပညာမသင်ကြားနိုင်ကြကြောင်း ပြောဆိုကြသည်။

" စားဖို့ အနိုင်နိုင် ရုန်းနေရတာမှာ ကျောင်းဆက်ထားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျောင်းလခကို အခမဲ့ ထားခဲ့ရင်တောင် တစ်နှစ်လုံးလိုအပ်မယ့် ကျောင်းသုံးစရိတ်အတွက် မတတ်နိုင်ဘူး။ ဒါကြောင့် သမီးကို ကျောင်းနားထားရတယ်" ဟု ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲစတင်ချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ မြို့နယ်အများအပြားတွင် နှစ်ဖက်တိုက်ပွဲကြောင့် စာသင်ကျောင်းများအား ပိတ်ထားခဲ့ရပြီး ယခုနှစ် ကျောင်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။

လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် ကျောင်းများကို ပုံမှန်ဖွင့်လှစ်လာနေသော်လည်း စစ်ဘေးရှောင် ကျောင်းသား/သူအများအပြားမှာ ငွေကြေးအခက်အခဲကြောင့် ပညာမသင်ကြားနိုင်ဘဲ ဖြစ်နေရသဖြင့် ပညာသင်ကြားနိုင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေကြသည်။