- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများတွင် မွတ်ဆလင်စစ်သားအင်အားဖြည့်
တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ရှိပြီး ယင်းတပ်ရင်းများထဲတွင် ဇွန်လအစောပိုင်းမှစ၍ စစ်သင်တန်းဆင်း မွတ်ဆလင်များကို မြင်နေရကြောင်း မြို့ခံများက ပြောသည်။
13 Jun 2024

DMG ၊ ဇွန် ၁၃
ရခိုင်ပြည်၊ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် စစ်သင်တန်းဆင်းမွတ်ဆလင် လူရာနှင့်ချီကို အင်အားဖြည့်ထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ ရှိနေပြီး ယင်းတပ်ရင်းများထဲတွင် ဇွန်လအစောပိုင်းမှစ၍ စစ်သင်တန်းဆင်း မွတ်ဆလင်များကို မြင်နေရကြောင်း မြို့ခံများက ပြောသည်။
“တောင်ကုတ်က စစ်တပ်ထဲမှာပဲ မွတ်ဆလင်စစ်သားတွေကို ကားနဲ့ အတင်အချလုပ်တာတွေကို တွေ့ခဲ့ကြတာ။ စစ်ကောင်စီက ဘာတွေထပ်ယုတ်မာဦးမလဲ ဆိုတာကို ကြောက်လို့ ဒေသခံတွေ ရှောင်ပြေးသွားကြတာ ရှိတယ်။ AA တိုက်လာရင် မွတ်ဆလင်တွေထည့်သုံးပြီး ခုခံမယ့်ပုံပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ အင်အားဖြည့်တင်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အပါဝင်၊ စစ်ကောင်စီတပ်ရင်းအနီးနားရှိ ရန်ခေါ်၊ ဖုံညို၊ တရဂူ စသည့် ကျေးရွာများနှင့် တန်းလွဲရွာမ မြို့အနီးနားကျေးရွာမှ ဒေသခံအများအပြားမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲမဖြစ်ဘဲ မြို့ပေါ်တပ်စခန်းများနှင့် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အနီးနေဗီကနေ တောင်ကုတ်ကျေးရွာအချို့အား လက်နက်ကြီးပစ်ခတ်သဖြင့် ပိုပြီးစိုးရိမ်စရာဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးများ ပိတ်ဆို့ထား၍ ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် အခက်အခဲလည်း ရှိနေကြသည်။
“တောင်ကုတ်ကိုလည်း စစ်ကောင်စီက အဝင်အထွက် ပိတ်ထားတယ်။ ဒါပေမယ့် ဒေသခံတချို့က ခပ်စိပ်စိပ် ထွက်ပြေးနေကြတာ ရှိတယ်။ တိုက်ပွဲတွေဖြစ်ရင် မောင်တော၊ ဘူသီးတောင်တို့မှာလို မွတ်ဆလင်တွေလည်း ပါလာမှာကို စိုးရိမ်နေရတယ်” ဟု တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ရခိုင်ပြည်ရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များအား အတင်းအဓမ္မ စစ်သင်ပေးလျက် ရှိသည်။ ထို့အတူ RSO၊ ARSA၊ ARA စသည့်အဖွဲ့များကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ လူငယ်များအား စစ်ကောင်စီထံ စစ်သားရောင်းချမှုများ ရှိနေသည်။
အဆိုပါ မွတ်ဆလင်များကို စစ်ကောင်စီက ရက်တိုစစ်သင်တန်းပေးပြီးနောက် ရခိုင်စစ်ပွဲအတွင်း အသုံးပြုနေသည်။
တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ဒီဇင်ဘာလက မုတ်နှင့် ဘာယေ ကျေးရွာအကြားတွင် စစ်ကောင်စီယာဉ်တန်းကို AA က မိုင်းဆွဲတိုက်ခိုက်၍ ထိတွေ့တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ကြပြီးနောက် တိုက်ပွဲများရပ်တန့်နေဆဲ ဖြစ်သည်။