မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၀ ခန့် မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်နေ

USDP ပါတီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှစ၍ နယ်မြေတည်ငြိမ်သည့် နေရာများတွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

By Admin 19 Jan 2023

မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၀ ခန့် မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်နေ

(ပုံဟောင်း) USDP ပါတီ(မွန်ပြည်နယ်) ၏ မဲဆွယ်စည်းရုံးရေးမြင်ကွင်းတစ်ခု။

DMG ၊ ဇန်နဝါရီ ၁၉

စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ(MUP) မှလွဲ၍ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခန့်က မဲဆွယ်စည်းရုံးရေးများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

USDP ပါတီသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှစ၍ နယ်မြေတည်ငြိမ်သည့် နေရာများတွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မွန်နိုင်ငံရေးသုတေသီတစ်ဦးက ပြောသည်။

“အဓိက စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲအတွက် ဦးစားပေးလုပ်ဆောင်လာတယ်။ ကျေးလက်နယ်မြေတွေ ကွင်းဆင်းပြီး စည်းရုံးမှုတွေပြုလုပ်လာတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ပေါင်၊ ဇင်းကျိုက်၊ မုတ္တမ၊ မော်လမြိုင်နှင့် ချောင်းဆုံစသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော နယ်မြေများတွင် ဇန်နဝါရီလ ဒုတိယအပတ်မှစ၍ ကြံ့ခိုင်ရေးပါတီနှင့် နိုင်ငံရေးပါတီ ၁၀ ခုခန့်က မဲဆွယ်စည်းရုံးရေးများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

မွန်ညီညွတ်ရေးပါတီ အနေဖြင့် မဲဆွယ်စည်းရုံးရေး ရပ်တန့်နေသည်မှာ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းနှင့် ပါတီစည်းရုံးရေးလုပ်ဆောင်ရန် ပါတီဝင်များ၏ လုံခြုံရေးအပေါ် ချင့်ချိန်နေခြင်း ဖြစ်နိုင်ကြောင်း ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) အဖွဲ့ဝင်တစ်ဦးကသုံးသပ်သည်။

“အင်အားကြီးပါတီတစ်ခုအနေနဲ့ စစ်ကောင်စီလက်အောက်မှာ MUP ပါတီရဲ့ အဓိကလူတွေဖြစ်တဲ့ နိုင်လယိတမ နဲ့ ဒေါက်တာ ဗညားအောင်မိုးက ပူးပေါင်းပါဝင်နေကြတယ်။ အာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ မင်းအောင်လှိုင်က (စစ်ကောင်စီဉက္ကဌ) ဘာတွေထုတ်ပြောမလဲ ဆိုတဲ့အပေါ် သူတို့ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေက သူတို့ရဲ့လုံခြုံရေးအခြေအနေကြောင့် ပြိုင်သင့်၊ မပြိုင်သင့် ချင့်ချိန်နေတာဖြစ်မယ်” ဟု NRFF အဖွဲ့က ပြောသည်။

မွန်ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီ(KPP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် ပြည်သူ့ပါတီ စသည့် ပါတီ (၇) ခုမှာ မုဒုံ၊ ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပါတီဝင်များနှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း အဆိုပါပါတီများနှင့် နီးစပ်သူများထံမှ သိရသည်။

“PR စနစ်အကြောင်းကို အလေးပေးပြောတယ်။ အမျိုးသားရေးတွေ ဦးစားပေးပြောဆို ဆွေးနွေးကြတယ်။ ပါတီဝင်တွေကို သင်တန်းပုံစံလို အစည်းအဝေးခေါ်ပြီး အသိပေးကြတာရှိတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေအရ အန္တရာယ်ကင်းကင်းနဲ့ ပါတီမဲဆွယ်ဖို့အတွက်လည်း ဆွေးနွေးတာတွေရှိခဲ့တယ်” ဟု အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ 

စစ်ကောင်စီက ယခုနှစ် ဩဂုတ်လတွင် အနိုင်ရအကုန်ယူ (First Past the Post–FPTP) စနစ်အစား အချိုးကျကိုယ်စားပြု (Proportional Representation – PR)စနစ်ဖြင့် ရွေးကောက် ပွဲပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ 

#F004 

ဗီဒီယိုများ