- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
ကျောက်တော်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် AA က သိမ်းပိုက်ထိန်းချုပ်ပြီး နောက်ပိုင်းမှ စ၍ ယခု ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်အထိ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၄ ကြိမ်အထိ ရှိလာခြင်းဖြစ်သည်။
17 May 2025

DMG ၊ မေ ၁၇
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၁၄) ကြိမ်အထိရှိလာကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ကျောက်တော်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် AA က သိမ်းပိုက်ထိန်းချုပ်ပြီး နောက်ပိုင်းမှ စ၍ ယခု ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်အထိ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၄ ကြိမ်အထိ ရှိလာခြင်းဖြစ်သည်။
ထိုသို့ ဗုံးကြဲမှုကြောင့် အရပ်သား စုစုပေါင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အဆောက်အအုံ ရာနှင့်ချီလည်း ပျက်စီးခဲ့သည်။
စစ်ကောင်စီ ဗုံးကြဲမှုတွင် ပေါင် ၅၀၀ ဗုံး၊ ကလက်စ်တာဗုံး၊ ရော့ကတ်များဖြင့် တစ်ကြိမ်တည်းတွင် ဗုံး အလုံးရေ ၂ လုံးမှ ၁၀ လုံးကျော်အထိ တိုက်ခိုက်မှုများရှိခဲ့သည်ကို တွေ့ရသည်။
AA ထိန်းချုပ်ပြီးနောက် ကျောက်တော်မြို့နှင့် ကျေးရွာများ ဗုံးကြဲခံရမှုဖြစ်စဉ်များကို လေ့လာကြည့်သော် -
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေ ၁၄ နှင့် မေလ ၁၅ ရက် နှစ်ရက်ဆက်တိုက် ဗုံးကြဲမှုကြောင့်လည်း လက်ရှိတွင် မြို့ခံနှင့် စစ်ဘေးရှောင်ထောင်နှင့်ချီမှာ မြို့ပေါ်တွင် မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
" မြို့မှာ လူမရှိတော့ဘူး။ တချို့ပဲ အိမ်စောင့်ကျန်ခဲ့တယ်။ ဈေးတွေလည်း ပိတ်ထားတယ်။ လမ်းတလျှောက် နေအိမ်၊ စတိုးဆိုင် အကုန်ပိတ်သွားပြီ။ နှစ်ရက်ဆက်တိုက် ဗုံးလာကြဲတော့ ဘယ်သူမှ မနေရဲကြတော့ဘူး " ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် ကျောက်တော်မြို့နယ်သည် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်ခံရမှု အများဆုံးဖြစ်နေကြောင်း DMG ၏ မှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီအနေဖြင့် ကျောက်တော်မြို့နယ်အား လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေသည်မှာ ကုန်စည်စီးဆင်းမှု ကောင်းမွန်သည့် မြို့နယ်ဖြစ်၍ ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက " ကျောက်တော်မြို့ဟာ အိန္ဒိယနဲ့ သော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ သော်လည်းကောင်း ကုန်စည်စီးဆင်းမှု ကောင်းမွန်တဲ့ မြို့တစ်မြို့ ဖြစ်တယ်။ စည်ကားတဲ့ မြို့တစ်မြို့လည်း ဖြစ်တယ်။ ရခိုင်လူမျိုးတွေရဲ့ စီးပွားရေးကို ဖျက်လိုဖျက်စီး လုပ်တာ။ ပြည်သူကို ခြိမ်းခြောက်တာ။ ကျောက်တော်ကို မှီခိုပြီး ရခိုင်တစ်ပြည်လုံးက ကုန်စည်စီးဆင်းနေတာကို စစ်ကောင်စီက သတင်းတွေရယူပြီးတော့ တမင်တကာ ဗုံးကြဲတိုက်ခိုက်နေတာလို့ မြင်တယ်" ဟု DMG သို့ ပြောသည်။

ရခိုင်ဒေသခံများမှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လူသုံးကုန်ပစ္စည်းများအား ဝယ်ယူကာ ကုန်စည်စီးဆင်းမှု ပြုလုပ်လျက်ရှိပြီး ရခိုင်မြို့နယ်အများအပြားကလည်း ကျောက်တော်မြို့ကို အမှီပြုကာ စီးပွားရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ရခိုင်ဒေသခံများ၏ စီးပွားရေးအသက်သွေးကြောဖြစ်သည့် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ကာ ပြည်သူများ အငတ်ဘေးရောက်စေရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဦးမြတ်ထွန်းက ဆိုသည်။
စစ်ကောင်စီသည် ကျောက်တော်တိုက်ပွဲကာလတွင် AA ထံ စစ်ရေးအရ ဆိုးရွာသည့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်းလည်း ကျောက်တော်ဒေသကို အာဃာတ အမုန်းကြီးစွာဖြင့် လေကြောင်း အဆက်မပြတ်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ထင်မြင်ချက်များ ရှိနေသည်။
"ကျောက်တော်တပ်မ (စကခ - ၉) တိုက်ပွဲမှာ စစ်ကောင်စီအထိနာလို့ ထွက်ပြေးချိန်၊ အပေါက်ဝနားမှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် နစ်မြုပ်ခဲ့တာရှိတယ်။ ဒီဖြစ်စဉ်အပေါ်လည်း အငြိုးထားတယ် ထင်တယ်။ စစ်ကောင်စီ လော်ဘီတွေက ခဏခဏ လိုင်းပေါ်မှာတင်ပြီး ဆွပေးတာလည်းရှိတယ် " ဟု ကျောက်တော်မြို့ခံ လူငယ်တစ်ဦးက ရှုမြင်သည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း စစ်ရေးအရ ရှုံးနိမ့်နေ၍ အရပ်သားများအား ဦးတည် ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကျောက်တော်လူငယ်များအစည်းအရုံးကတာဝန်ခံ ကိုပိုးလုံးက DMG သို့ ပြောသည်။
" ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်လို့မြင်တယ်။ ပြည်သူတွေဆီက လက်ရှိ ULA အစိုးရကို တိုက်ပွဲရပ်ဖို့၊ ဆွေးနွေးညှိနှိုင်းဖို့ အသံထွက်လာအောင် ဖိအားပေးတဲ့ လုပ်ရပ်လို့ မြင်တယ်။ တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်း ကျဆင်းလာအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ မြင်တယ်" ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသည့် လုပ်ရပ်များအား ပြင်းထန်စွာရှုတ်ချပြီး ထိုလုပ်ရပ်များအား သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု အာရက္ခတပ်တော် (AA) က မေလ ၁၅ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် ကျောက်တော်မြို့နယ်အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ဂျီနီဗာကွန်ဗန်းရှင်းစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ULA ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။