ပြည်သူရှိသရွေ့ ပါတီရှိနေမည်ဟု NLD ထုတ်ပြန်

စစ်ကောင်စီမှ ပါတီဖျက်သိမ်းကြောင်း ကြေညာရာတွင်ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် ပြည်သူရှိသရွေ့  ပါတီရှိနေမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

By Admin 29 Mar 2023

 ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ စည်းရုံးရေးဆောင်ရွက်ခဲ့စဉ်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ စည်းရုံးရေးဆောင်ရွက်ခဲ့စဉ်။

DMG ၊ မတ် ၂၉

စစ်ကောင်စီမှ ပါတီဖျက်သိမ်းကြောင်း ကြေညာရာတွင်ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် ပြည်သူရှိသရွေ့  ပါတီရှိနေမည်ဖြစ်ကြောင်း ယနေ့ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော NLD ပါတီသည် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်နေသော ပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသရွေ့ ပါတီရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ ပြည့်မီတဲ့အထိ ရနိုင်တဲ့နည်းလမ်းပေါင်းစုံတွေနဲ့ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ပြည်သူနဲ့ တစ်သားတည်းရပ်တည်ပြီး ပြည်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလေးစားတယ်” ဟု NLD က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ပြဌာန်းခဲ့ပြီး ထိုနေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း (မတ်လ ၂၈)ရက်နေ့အထိ နိုင်ငံရေးပါတီများအနေဖြင့် ပါတီမှတ်ပုံတင် လျှောက်ထားခြင်း မရှိပါက ပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အပါအဝင် ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီစုစုပေါင်း ၄၀ ကို ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ယမန့်နေ (မတ်လ ၂၈ ရက်)တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

NLD ပါတီကို ဖျက်သိမ်းခြင်းမှာ စစ်ကောင်စီမှ ယခင်ကတည်းက ရည်ရွယ်ထားသော အကြံဖြစ်သဖြင့် NLD အတွက် မထူးဆန်းသကဲ့သို့ ပြည်များအတွက်လည်း ထူးဆန်းသည့် အကြောင်းအရာမဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုသည်။

“NLD ပါတီကို နိုင်ငံရေးစင်မြင့်ထက်က ဖယ်ရှားပစ်တယ်ဆိုတာ စစ်အာဏာရှင်စနစ်ရဲ့ လိုအပ်ချက်အရပဲ ဖြစ်တယ်။ ပြည်သူလူထုရင်ထဲက NLD ပါတီကိုတော့ ဖယ်ရှားပစ်လို့ မရပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ NLD ဟာ အပြောင်းအလဲတစ်ခုနဲ့ စင်မြင့်ပေါ်မှာ ပြန်ရောက်လာမှာပဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီထံ ပါတီမှတ်ပုံမတင်၍ ဖျက်သိမ်းခံလိုက်ရသည့် နိုင်ငံရေးပါတီ ၄၀ ထဲတွင် ရခိုင်ပြည်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီတို့ ပါဝင်သည်။

#I008

ဗီဒီယိုများ