ရခိုင်တွင် နွေစပါး စိုက်ဧက ၇၀၀ ကျော်တိုးလာ

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် နွေစပါးစိုက်ပျိုးကြခြင်းပြီး ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ၂ ဆနီးပါး တိုးလာနေခြင်းဖြစ်သည်။

By Admin 17 Jan 2023

ရခိုင်တွင် နွေစပါး စိုက်ဧက ၇၀၀ ကျော်တိုးလာ

ပြီးခဲ့သည့်နှစ်က ကျောက်တော်မြို့နယ်တွင် စိုက်ပျိုးခဲ့သော နွေစပါးစိုက်ခင်းတစ်ခု

DMG ၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်တွင် ပြီးခဲ့သည့်နှစ်က နွေစပါးစိုက်ပျိုးရာသီတွင် ၈၂၂ ဧကသာ စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ၁,၅၄၅ ဧက စိုက်ပျိုးထားသဖြင့် နွေစပါး ၇၂၃ ဧက တိုးလာနေကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား စသည့် မြို့နယ်များတွင် နွေစပါးစိုက်ပျိုးကြခြင်းပြီး ယခုနှစ် နွေစပါးစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ၂ ဆနီးပါး တိုးလာနေခြင်းဖြစ်သည်။

စပါးစိုက်ဧက တိုးလာခြင်းမှာ ဆည်မြောင်းရေသွင်းစနစ်ကို အသုံးပြုခြင်း၊ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေကို ပိုမိုသိရှိလာခြင်းတို့ကြောင့် ဖြစ်သည်ဟု ရခိုင်ပြည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဦးထွန်းမြင့်က ပြောသည်။

“စပါးစျေးကောင်းလည်း ရရှိတယ်။ စိုက်ပျိုးတာလည်း ဖြစ်ထွန်းတယ်ဆိုတော့ လယ်သမားတွေဟာ (စပါး)စိုက်ချင်တဲ့စိတ်တွေဖြစ်ကြတယ်။ နောက်တစ်ခုက ရေရရှိမှုတွေလည်း တစ်နှစ်ထက်တစ်နှစ် ကောင်းလာတယ်။ အရင်တုန်းကဆိုရင် ရေအခက်အခဲရှိတယ်။ အခုက ရေရရှိမှုက သေချာလာတယ်ဆိုတော့ ဒီထက်ပိုပြီး အောင်မြင်လာဖို့ ရှိပါတယ်” ဟု ဦးဦးထွန်းမြင့် ကပြောသည်။

လက်ရှိ နွေစပါးစိုက်ပျိုးနေသည့် လယ်သမားများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာ တစ်အိတ်လျင် ငွေကျပ် ၅ သောင်းအောက် ဈေးနှုန်းဖြင့် မြို့နယ်အသီးသီးကို ရောင်းချပေးလျက်ရှိကြောင်း ဦးဦးထွန်းမြင့်က ဆက်ပြောသည်။

ယခုနှစ် ရခိုင်တွင် နွေစပါးစိုက်ဧက တိုးလာသော်လည်း တောင်သူများမှာ နွေစပါးစိုက်ပျိုးသည့် နည်းစနစ်များကို ပိုမိုသိရှိနိုင်ရန် လိုအပ်နေသေးကြောင်း ပြောဆိုကြသည်။

ကျောက်တော်မြို့နယ်မှ တောင်သူ ဦးမောင်ထွီးက “ဒီနှစ် ကျနော်တို့ကျောက်တော်မှာ နွေစပါးစိုက်ပျိုးတဲ့ လယ်သမားတွေ တော်တော်များများရှိတယ်။ နွေစပါးကို ပိုပြီးစိုက်ပျိုးဖို့အတွက် ဆည်က ရေသွင်းပေးတဲ့မြောင်းတွေကို ကွန်ကရစ်နဲ့ သေချာလုပ်ပေးဖို့ လိုအပ်နေသေးတယ်။ လယ်သမားတွေက နွေစပါးစိုက်ချင်နေကြတယ်။ ဆည်မှာလည်း ရေအများကြီးရှိတယ်။ ဒါပေမယ့် ရေမြောင်းတွေ အခိုင်အမာမရှိတော့ မစိုက်နိုင်ကြသေးဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ်မှ နွေစပါးစိုက်ပျိုးသည့် တောင်သူများမှာ ပြိုင်းချောင်းဆည်နှင့် ဇီးချောင်းဆည်မှ ရေကို အဓိက အသုံးပြုကြကြောင်း သိရသည်။

ရခိုင်တွင် နွေစပါးကို ဆည်ရေသွင်းစနစ်၊ လျှပ်စစ်မြစ်ရေတင်စနစ်၊ သဘာဝရေဝင်စနစ်၊ စက်ရေတင် ရေသွင်းစနစ် စသည့် နည်းမျိုးစုံဖြင့် စိုက်ပျိုးကြခြင်းဖြစ်သည်။

လျှပ်စစ် မြစ်ရေတင်စနစ်၊ စက်ရေတင် ရေသွင်းစနစ်ဖြင့် နွေစပါးစိုက်ပျိုးကြသော တောင်သူများမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်း၊ လျှပ်စစ်မီး ပုံမှန်မရရှိခြင်း တို့ကြောင့် လုပ်အားခစရိတ်ကြီးမား၍ အကျိုးအမြတ် နည်းပါးသည်ဟု မြောက်ဦးမြို့နယ်၊ ပုရိမ်ကျေးရွာမှ တောင်သူ ဦးမောင်ရွှေက ပြောသည်။

“လျှပ်စစ်မြစ်ရေတင် စနစ်နဲ့ စိုက်ပျိုးတဲ့အခါ အမြဲတမ်း (လျှပ်စစ်) မီးရနေဖို့ လိုအပ်ပါတယ်။ အခုက မီးပုံမှန်မရတော့ အခက်အခဲရှိတယ်။ ဒီရေတက်တဲ့အချိန်မှာ မီးမလာတွေ၊ မီးလာတဲ့အခါ  ဒီရေကျသွားပြီ။ အဲဒီလို အခက်အခဲတွေရှိတယ်။ ဆိုတော့ ရေတင်လို့ အဆင်မပြေဘူး။ စိုက်ပျိုးရတာလည်း အဆင်မပြေဘူးပေါ့” ဟု ဦးမောင်ရွှေက ပြောသည်။

ဆည်ရေသွင်းစနစ်ဖြင့် နွေစပါး စိုက်ပျိုးကြသူများမှာ ရေအခွန်ခအဖြစ် လယ်တစ်ဧကကို ငွေကျပ် ၂,၀၀၀ သာ ပေးဆောင်ရခြင်း၊ ဓာတ်မြေဩဇာလည်း ဈေးနှုန်းသက်သာစွာရရှိခြင်း စသည်တို့ကြောင့် စပါးအထွက်နှုန်း ကောင်းမွန်ပါက အကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်း တောင်သူများက ခန့်မှန်းထားကြသည်။  

ထို့ကြောင့် ရခိုင်တွင် နွေစပါးစိုက်ပျိုးမှု တိုးတက်အောင်မြင်လာစေရန် ဆည်မြောင်းရေသွင်းစနစ်ကို စနစ်တကျ ဆောင်ရွက်သင့်ကြောင်း တောင်သူများက ပြောဆိုထားကြသည်။

ရခိုင်ပြည်တွင် သိုင်းချောင်း ရေလှောင်တမံ၊ ငပလီ ရေလှောင်တမံ၊ ခမီကြိမ်ချောင်း ရေလှောင်တမံ အပါအဝင် ဆည်နှင့် ရေလှောင်တမံ ၁၀ ခုကျော်ရှိသော်လည်း ဆည်ရေသွင်းစနစ်ဖြင့် နွေစပါးစိုက်ပျိုးမှု နည်းပါးနေကြောင်း သိရသည်။

ရခိုင်ပြည်တွင် လယ်ယာမြေစိုက်ပျိုးမြေဧက (၁၁) သိန်းကျော်ရှိပြီး ယင်းအထဲတွင် သီးထပ် စိုက်ပျိုးမှုဧကပမာဏမှာ ၃၀ ရာခိုင်နှုန်းသာရှိကြောင်း ရခိုင်ပြည် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

#R010

ဗီဒီယိုများ