မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ရဲက သံသယနှင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုး အမှုမှလွတ်မြောက်

၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွင် လုပ်ကိုင်နေသည့် မနွယ်သန္တာဝင်းမှာ ဓားထိုးဒဏ်ရာ ၂ ချက်၊ မျက်နှာ၊ မှေးစေ့တို့တွင် ညိုမဲဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်။

By Admin 27 Jan 2023

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ရဲက သံသယနှင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုး အမှုမှလွတ်မြောက်

 

DMG ၊ ဇန်နဝါရီ ၂၇

ရခိုင်ပြည်၊ စစ်တွေမြို့မှ မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် ရဲတပ်ဖွဲ့က သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည့် မောင်မျိုးချစ်စိုးမှာ ယနေ့(ဇန်နဝါရီလ ၂၇ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များနှင့် အမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေထံမှ သိရသည်။

“အမှုက သက်သေတစ်ခုမှ မပေါ်ဘူးလေ။ လူသတ်မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပေါ်ပေါက်ငြိစွမ်းမှု မရှိတဲ့အတွက်ကြောင့် တရားသေ လွှတ်လိုက်တာပါ။ အမိန့်ချမယ်ဆိုပြီး ရုံးချိန်း ၂ ကြိမ် ရွှေ့ဆိုင်းခဲ့တယ်။ တတိယအကြိမ်မှာ တရားသေနဲ့ လွှတ်ပေးလိုက်ပါတာ”ဟု အမည်မဖော်လိုသည့် ရှေ့နေက ပြောသည်။

မောင်မျိုးချစ်စိုးကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ (လူသတ်မှု)ဖြင့် စစ်တွေမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းက တရားလိုပြုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမှုတွင် တရားလိုဘက်မှ သက်သေ ၂၄ ဦးနှင့် တရားခံဘက်မှ သက်သေ ၇ ဦးကို တရားရုံးကစစ်ဆေးခဲ့ပြီး မောင်မျိုးချစ်စိုးတွင် အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ယနေ့ရုံးချိန်း၌ တရားသေ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမသား ပြန်လွတ်လာပြီ။ ကျမအနေနဲ့ ဒီနေ့ နေမကောင်းတာကြောင့် ရုံးချိန်းမသွားလိုက်ရဘူး။ သားလွတ်လာတာ ကြားတော့ ကျမနေမကောင်းတာတောင် ဘယ်နားရောက်သွားမှန်း မသိဘူး။ ဝမ်းသာလွန်းလို့။ မနက်ဖြန် စက်လှေထွက်ရင် ကျမ စစ်တွေကို လိုက်လာမှာ။ အခုတော့ သားကို သူ့အဒေါ်တို့ ခေါ်ယူသွားကြပြီ”ဟု မောင်မျိုးချစ်စိုး၏ မိခင် ဒေါ်လှသိန်းနွယ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးရှိ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မနွယ်သန္တာဝင်းမှာ ဓားထိုးဒဏ်ရာ ၂ ချက်၊ မျက်နှာ၊ မှေးစေ့တို့တွင် ညိုမဲဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်။

မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် အခင်းဖြစ်ပွားသည့်ဆိုင်နှင့် ဘေးချင်းကပ်ဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် မောင်မျိုးချစ်စိုးကို ရဲတပ်ဖွဲ့က သံသယဖြင့်ဖမ်းဆီးပြီး တရားစွဲဆိုခဲ့သည်။

မောင်မျိုးချစ်စိုး(၁၉)နှစ်မှာ ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့မှဖြစ်ပြီး စစ်တွေမြို့တွင် အလုပ်လာရောက် လုပ်ကိုင်နေရာမှ အဆိုပါလူသတ်မှုတွင် သံသယဖြင့်ဖမ်းဆီးခံရကာ အကျဉ်းထောင်ထဲတွင် ၄ လခန့်ကြာ နေထိုင်ခဲ့ရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး မနွယ်သန္တာဝင်း အလုပ်လုပ်ကိုင်ခဲ့သည့်ဆိုင်မှ မန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ဇော် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံထားသည်ဟု ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင် (ULA/AA)က ထုတ်ပြန်ခဲ့သည်။

#I001

ဗီဒီယိုများ