ရမ်းဗြဲတွင် နွားများသေဆုံးခြင်းမှာ ရောဂါကြောင့်မဟုတ်ဟု မွေးမြူရေးဦးစီးဌာနပြော 

စကုကျွန်းနှင့် မကျဉ်းကျွန်းရှိ ကျေးရွာများတွင် အမည်မသိရောဂါကြောင့် နွားသေဆုံးမှုများရှိနေသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ 

By Admin 11 Sep 2023

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာက မကျည်းကျေးရွာရှိနွားများအား ကုသရေးလုပ်ဆောင်နေသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာက မကျည်းကျေးရွာရှိနွားများအား ကုသရေးလုပ်ဆောင်နေသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ရှိ စကုကျွန်းနှင့် မကျဉ်းကျွန်းတွင် နွားသေဆုံးမှုဖြစ်နေခြင်းမှာ ရောဂါကြောင့်မဟုတ်ဘဲ စောင့်ရှောက်မှုအားနည်းခြင်းကြောင့် ကိုယ်ခံအားကျဆင်း၍ သေဆုံးခြင်းဟု ရမ်းဗြဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။  

စကုကျွန်းနှင့် မကျဉ်းကျွန်းရှိ ကျေးရွာများတွင် အမည်မသိရောဂါကြောင့် နွားသေဆုံးမှုများရှိနေသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများက စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ 

ရမ်းဗြဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒု-ကြီးကြပ်ရေးမှူး ဒေါက်တာ အုန်းကျော်မြင့်က “အဓိကတော့ နွားတွေကို မိုးထဲမှာ အကြာကြီးထားတာတွေ၊ နွားတင်းကုတ်မရှိဘဲ ဖြစ်သလိုထားတာတွေကြောင့်ဖြစ်တာ။ နွားငယ်လေးတွေဆိုရင် သွေးဝမ်းကိုက်တယ်၊ သံကောင်စွဲပြီးတော့ အားပြတ်တယ်။ နွားအိုမကြီးတွေဆိုရင် မိုးပြင်ထဲမှာပစ်ထားတော့ ကိုယ်ခံအားကျဆင်းပြီး သေကြတယ်။ ရောဂါကြောင့် သေတာတော့ မတွေ့ရဘူး” ဟု ပြောသည်။   

ဩဂုတ်လအစောပိုင်းမှစပြီး နွားများ၏ ခန္ဓာကိုယ်တွင် အဖုများပေါ်ခြင်း၊ ခြေလက်များရောင်ရမ်းခြင်း၊ နှာရည်ကျခြင်း၊ အရေပြားကွာကျခြင်း စသည့် လက္ခဏာများပြကာ သေဆုံးမှုများရှိနေ၍ ဒေသခံများမှာ စိုးရိမ်မှုများရှိခဲ့ကြသည်။ 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လာရောက်ပြီး ကုသရေးများပြုလုပ်ပြီးနောက်တွင် ဝေဒနာခံစားနေရသော နွားများမှာ သွားလာလှုပ်ရှားနိုင်သည်အထိ ပြန်လည်သက်သာလာကြောင်း နွားမွေးမြူရေးလုပ်ကိုင်သူများက ပြောကြသည်။ 

“နွားတွေက လုံးဝတော့ ပြန်မကောင်းသေးဘူး။ ဒါပေမဲ့ မြန်မြန်ဆန်ဆန်တော့ သက်သာလာနေကြပြီ။ အစာလည်းကောင်းကောင်းစားနိုင်ပြီ” ဟု စကုကျွန်း၊ မကျည်းကျေးရွာမှ ဦးကျော်ဌေးဝင်း ကပြောသည်။

နွားသေဆုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။  

“အပူနဲ့အအေးမမျှလို့ ဖြစ်တယ်လို့တော့ ပြောတယ်။ ပြီးတော့ နွားတွေကို ဘယ်အချိန်မှာ နွားတင်းကုတ်ထဲ သွင်းထားရမယ်၊ ဘယ်အချိန်မှာ အစာကျွေးရမယ်၊ ပုံမှန်စောင့်ကြည့်ရမယ်လို့ အသိပညာပေးခဲ့တယ်” ဟု မကျည်းကျေးရွာမှ ဒေါ်အေးအေးနိုင်က ပြောသည်။  

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာအချို့က နွားများမှာ အစာမစားခြင်း၊ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း လက္ခဏာများပြကာ အမည်မသိရောဂါဖြင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်က ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွဲ၊ နွားများကို လယ်ယာထွန်ယက်ရန် အသုံးပြုကြသည်။ စက်မှုလယ်ယာ တဖြည်းဖြည်း ထွန်းကားလာသော်လည်း ကျွဲ၊ နွားများမှာ တောင်သူများအတွက် တစ်ဖက်တစ်လှမ်းက အထောက်အကူပြုနေဆဲ ဖြစ်သည်။  

#I010

ဗီဒီယိုများ