မောင်တောမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသား ၆ ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဦးထွန်းအောင်ကျော်(၆၅)နှစ်၊ ရဲအငြိမ်းစားဦးအေးစိန် (၈၀)နှစ်၊ မြို့နယ်ထွေ/အုပ်စာရေး ဦးမောင်လှစိန် (၆၀)နှစ်၊ ဦးကျော်စိုးမိုး(၅၀)နှစ်၊ ဦးမောင်သာနု (၆၀)နှစ်နှင့် ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့မှာ သာစည်ကျေးရွာသားများ ဖြစ်ကြသည်။

By Admin 29 Oct 2022

မောင်တောမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသား ၆ ဦး ဖမ်းဆီးခံရ

မောင်တောမြို့မှ ဈေးတစ်ခုအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ယနေ့(အောက်တိုဘာလ ၂၉ ရက်) နေ့လယ် ၂ နာရီခန့်က သက်ကြီးပိုင်း အမျိုးသား ၆ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဦးထွန်းအောင်ကျော်(၆၅)နှစ်၊ ရဲအငြိမ်းစားဦးအေးစိန် (၈၀)နှစ်၊ မြို့နယ်ထွေ/အုပ်စာရေး ဦးမောင်လှစိန် (၆၀)နှစ်၊ ဦးကျော်စိုးမိုး(၅၀)နှစ်၊ ဦးမောင်သာနု (၆၀)နှစ်နှင့် ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့မှာ သာစည်ကျေးရွာသားများ ဖြစ်ကြသည်။

၎င်းတို့ ၆ ဦးသည် ရွာအနီးရှိ လမ်းဆုံဇရပ်တွင် ထိုင်နေကြစဉ် အင်အား ၄၀ ခန့်ပါဝင်သည့် အရပ်ဝတ် ဝတ်ဆင်ထားသူများသည် မှန်လုံကား ၄ စီးဖြင့် လာ‌‌ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးက DMG ကိုပြောသည်။

“ဒီနေ့ ၂ နာရီလောက်ကပါ။ ရွာရဲ့ အရှေ့ဘက်အခြမ်း လမ်းမဘေးနားက ဇရပ်မှာ လဲလျောင်းနေကြတဲ့ သက်ကြီးပိုင်းလူ ၆ ဦးပါ။ ဘာဖြစ်လို့ ဖမ်းတာလဲတော့မသိဘူး။ အဲဒီအဘိုးကြီးတွေက အမြဲထိုင်နေကျပါ အဲဒီမှာ။ ဖမ်းတုန်းကတော့ စရဖ၊ နယ်ခံရဲ၊ နယ်ခြားစောင့်နဲ့ စစ်သားတွေ အစုံပါမယ်ထင်ပါတယ်။ သေနတ်တွေပါတယ်။ အရပ်ဝတ်နဲ့ လူ ၄၀ နီးပါးလောက်ပါတယ်”ဟု သူကပြောသည်။

ဖမ်းဆီးစဉ်တွင် ကားပေါ်ပါလာသူများထဲမှ နှစ်ဦးက သေနတ်များကိုင်ဆောင်ကာ လုံခြုံရေးယူပေးပြီး အခြားသူများက ဝင်ရောက်ဖမ်းဆီးကာ လက်ထိပ်ခတ် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဖေက ဥယျာဉ်ခြံမြေလုပ်ပြီး ရိုးရိုးသားသားနေတာပါ။ ဒီနေ့သူ စောစောအလုပ်ပြီးလို့ အိမ်အပြန် ဇရပ်မှာဝင်နားတုန်း ဖမ်းခံရတာထင်ပါတယ်။ ကျွန်တော်လည်း ဒီနေ့ အဲဒီနားမှာမရှိပါ။ အဖေတစ်ယောက် ဘာမှန်းမသိ အဖမ်းခံထားရတော့ စိတ်မကောင်းပါ။ အမြန်ဆုံးပြန်လွှတ် ပေးစေချင်ပါတယ်။ ကျွန်တော်တို့လည်း ဘယ်နေရာကိုသွားပြီး ရှာရမှန်းမသိပါဘူး။ မွန်းကျပ်နေပါတယ်”ဟု ဖမ်းဆီးခံရသူတစ်ဦး၏ သားဖြစ်သူက ပြောသည်။

၎င်းတို့ ၆ ဦးကို ဖမ်းဆီးခြင်းနှင့် မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို လက်ရှိအချိန်ထိ မသိရသေးဘဲ ၎င်းတို့တွင်ပါသွားသည့် ဖုန်းများကိုလည်း ဆက်သွယ်၍မရသေးတော့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။

“ဘာအတွက်ကြောင့် ဖမ်းသွားလဲဆိုတာကိုလည်း ရွာထဲက ဘယ်သူမှ အတိအကျမသိပါ။ မောင်တောမြို့ထဲဘက်ကို ခေါ်သွားပါတယ်။ မြို့ထဲက ဘယ်နေရာလဲဆိုတာတော့ အတိအကျမသိပါ။ ပါသွားတဲ့လူတွေရဲ့ ဖုန်းကိုလည်း အခုထိ ဆက်သွယ်လို့မရကြသေးပါ”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်နေဆဲဖြစ်သည်။

လက်တလောတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝ စသည့်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ