ပြိန်းချောင်း ဓားပြတိုက်လူသတ်မှု တရားခံ မပေါ်သေး

အဆိုပါမှုနှင့် ပတ်သက်၍ အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) အဖွဲ့က သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

By Admin 02 Aug 2025

ကျောက်တော်မြို့အဝင်ကို ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။
ကျောက်တော်မြို့အဝင်ကို ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်သတ်ဖြတ်ခံရမှုမှာ ရက်ပေါင်း ၁၀ ခန့်ကြာလာပြီဖြစ်သော်လည်း တရားခံမပေါ်ပေါက်သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

" ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အခုအမှုက စုံစမ်းနေဆဲ။ လောလောဆယ်တော့ အိမ်နီးနားချင်းတွေကို ခေါ်စစ်နေတယ်။ အမြန်ဆုံး အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အခုဆိုရင် အမှုကလည်း ရက်ကြာရှည်လာပြီ" ဟု သေဆုံးသူအမျိုးသမီးနှင့် ဆွေမျိုးတောစပ်သူ ဦးထွန်းလှိုင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်၊ ညအချိန်တွင် ပြိန်းချောင်းကျေးရွာမှ နေအိမ်တစ်ဆောင်ကို အမည်မသိလူတစ်စုက ဓားပြတိုက်ပြီး ရွှေ ၃ ကျပ်သား၊ ငွေကျပ်သုံးသိန်းနှင့် ဖုန်းတစ်လုံးကိုယူဆောင်ကာ အိမ်ရှင်အမျိုးသမီး ဒေါ်ဝင်းနုယဉ်ကိုပါ သတ်ဖြတ်သွားခဲ့သည်။

ဒေါ်ဝင်းနုယဉ်မှာ လည်ပင်း ဓားထိုးဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဘယ်ဖက်နို့အုံဓားထိုးဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

"အစ်မ ဝင်းနုယဉ်က အိမ်မှာ တစ်ယောက်တည်း အိပ်တာ။ သူ့အမျိုးသားက နွားရုံမှာ အိပ်တယ်။ မနက်မိုးလင်းလို့ ထမင်းစားဖို့ အိမ်ကို ပြန်လာတော့ ဇနီးက သွေးအိုင်ထဲမှာ ဆုံးနေပြီ။ အစ်မ ဝင်းနုယဉ်က အရမ်းစိတ်ကောင်းတဲ့သူပါ။ အနေလည်း အေးတယ်" ဟု ပြိန်းချောင်းရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါမှုနှင့် ပတ်သက်၍ အာရက္ခပြည်သူ့အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) အဖွဲ့က သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင်လ ပထမအပတ်ကလည်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ နေအိမ်ဓားပြတိုက်ခံရပြီး ရွှေ (၁၀) ကျပ်သားနှင့် ငွေသားအချို့ ပါသွားခဲ့သည်။

ကျောက်တော်မြို့နယ်တွင် ယခုကဲ့သို့ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုထိပါ ရှိလာနေ၍ လုံခြုံရေးနှင့်ပတ်သက်ပြီး ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြသည်။

လူမှုကူညီရေးဆောင်ရွက်သူ ကျောက်တော်မြို့ဒေသခံ လူငယ်တစ်ဦးက "ULA ရဲဌာနက အမှုတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အပိုင်းမှာ အရမ်းအားနည်းသေးတယ်လို့ မြင်တယ်။ ဒါတွေကြောင့်လည်း သူခိုးတွေ၊ ဓါးပြတွေက ပိုပြီး ရောင့်တက်လာတာ။ ပြစ်မှုတွေ လုပ်တိုင်း တရားခံကို ချက်ချင်းဖမ်းမိပြီး ထိုက်တန်တဲ့ စီရင်ချက်ကို ချကြည့်ပါလား။ နောက်နောင် လုပ်ရဲတဲ့သူတွေ ရှားလာမှာ" ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနှင့် လူသတ်မှုစသည့် ဒုစရိုက်မှုများ ခပ်စိပ်စိပ်ရှိလာနေပြီး တရားခံဖော်ထုတ် အရေးယူမှုအပိုင်းမှာ အားနည်းနေသေးကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။