- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
- NLD ပါတီ ဖျက်သိမ်းခံရမှု စိုးရိမ်ကြောင်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ တို့ ပြောကြား
- ရခိုင်တွင် တိုက်ပွဲရပ်တန့်နေသော်လည်း ညမထွက်ရအမိန့် ဆက်လက်ရှိနေဆဲ
ပန်းမြောင်းတွင်မီးလောင်မှု ကျပ်သိန်း ၈၀၀ ကျော် ပျက်စီးဆုံးရှုံးဟု ပြည်နယ်စစ်ကောင်စီဆို၊ အမှန်တကယ်ဆုံးရှုံးမှုတန်ဖိုး ယင်းထက်များနိုင်
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းများ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၈၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ဟု ပြည်နယ်စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်သတင်းက ဖော်ပြသည်။
12 Sep 2022
DMG ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းများ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၈၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ဟု ပြည်နယ်စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်သတင်းက ဖော်ပြသည်။
အဆိုပါမီးလောင်မှုမှာ ဝါယာကြိုးလျော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကာ နံနက် ၁ နာရီမှ နံနက် ၃ နာရီကျော်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပန်းမြောင်းကျေးရွာမှ မြအောင်ရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်မှ လူနေအိမ် ၁၄ ဆောင်၊ ဈေးဆိုင်ခန်း ၂၁ ခန်း မီးလောင်ကျွမ်းခဲ့သည်ဟု ရခိုင်နေ့စဉ်ကဖော်ပြသည်။
ပန်းမြောင်းတိုက်နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က "အစိုးရက စာရင်းကောက်ယူတဲ့အခါမှာတော့ နေအိမ်နဲ့တဆက်တည်းဆောက်ထားတဲ့ ဆိုင်ခန်းတွေကို မီးထဲပါသွားတဲ့ဆိုင်ခန်းအရေအတွက်ထဲမှာ မထည့်ဘူး။ နေအိမ်စာရင်းထဲမှာပဲ ထည့်ပြီးကောက်ယူသွားတယ်။ ကျနော်တို့ကတော့ အကုန်လုံးကို စာရင်းကောက်ယူထားတော့ ကျနော်တို့စာရင်းအရဆိုရင် နေအိမ်က ၁၄ ဆောင်၊ ဆိုင်ခန်းက ၂၉ ခုရှိတယ်"ဟုပြောသည်။
မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာလည်း မည်သူတွင် မည်မျှဆုံးရှုံးသွားသည်ကို ယခုအချိန်တွင်ပြောရန် ခက်ခဲကြောင်းလည်း ပန်းမြောင်းတိုက်နယ်အုပ်ချုပ်ရေးမှူးကဆိုသည်။
မီးလောင်ရာတွင် နေအိမ်နှင့် ဆိုင်ခန်းပါဝင်သွားသည့် ကိုဇော်ကြီးက "ကျနော်တို့မှာ ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းဆိုင်ဆိုတော့ တန်ဖိုးများတာပေါ့။ အိမ်ရော၊ ဆိုင်ရော၊ အတွင်းပစ္စည်းတွေပါပေါင်းလိုက်ရင် သိန်း ၇၀၀ ကျော်အထိ ဆုံးရှုံးသွားတယ်။ ၁၅ နှစ်လုံးလုံး ပင်ပင်ပန်းပန်းကြိုးစားပြီးစုဆောင်းလာတာ နာရီပိုင်းလေးနဲ့ ပျက်စီးသွားတယ်"ဟု ပြောသည်။
ပန်းမြောင်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ လက်ရှိ ပြည်နယ်စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်မှထုတ်ပြန်ချက်နှင့် မြေပြင်အခြေအနေဆုံးရှုံးမှုတန်ဖိုးမှာ များစွာကွာခြားမှုရှိနေသည်။
လက်ရှိတွင် နေအိမ်ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့်ပြည်သူ ၅၇ ဦးမှာ နီးစပ်ရာဆွေမျိုးများ၏နေအိမ်တွင် ခေတ္တနေထိုင်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် လူ/ကယ်/ပြန်မှ အဝတ်အထည်များနှင့် လူတစ်ဦးလျှင် တစ်နေ့ ၂၁၀၀ ကျပ်နှုန်းဖြင့် မီးဘေးသင့်သူ ၅၇ ဦးအတွက် တစ်ပတ်စာထောက်ပံ့ခဲ့ကြောင်း ပန်းမြောင်းတိုက်နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်ကပြောသည်။
"နောက်ပြီး နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့အတွက်ဆိုပြီး တိုက်အိမ်နဲ့ ပျဉ်ထောင်အိမ်တွေကို နှစ်သိန်း၊ ဝါးထရံကာအိမ်တွေကို တသိန်းကျနှုန်းနဲ့ အိမ် ၁၄ ဆောင်စာ ကူညီထောက်ပံ့သွားပါတယ်"ဟု ဦးတင်အောင်ကျော်ကဆိုသည်။
ထိုသို့ပန်းမြောင်းကျေးရွာ မီးလောင်မှုနှင့်ပတ်သက်ပြီး ယင်းကျေးရွာမှ ဦးအောင်ဘစိန်ကို မီးပေါ့ဆစွာသုံးစွဲမှုဖြင့် ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည်ဟု ရခိုင်နေ့စဉ်ကဖော်ပြသည်။