- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရန် အွန်လိုင်းကမ်ပိန်းပြုလုပ်
လက်ရှိ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြန်မာနိုင်ငံတွင် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတို့ကို ဆိုးရွားစွာ တွေ့ကြုံခံစားနေကြရသည်။
27 Nov 2024
DMG ၊ နိုဝင်ဘာ ၂၇
ကမ္ဘာတဝန်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်စေရန် ကုလသမဂ္ဂအပါအဝင် INGO၊ NGO၊ CSO အဖွဲ့အစည်းများက နိုဝင်ဘာ ၂၅ ရက်မှစ၍ ၁၆ ရက်တာ အွန်လိုင်းကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်နေသည်။
UNFPA Myanmar ၊ WHO Myanmar ၊ U-Report Myanmar ၊ Legal Clinic Myanmar အပါအဝင် အမျိုးသမီးအရေးဆောင်ရွက်သည့် အဖွဲ့များက “အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဟု ဆိုကာ အွန်လိုင်းလှုပ်ရှားမှု ပြုလုပ်နေခြင်းဖြစ်သည်။
“ဒီကမ်ပိန်းရဲ့ အဓိကအချက်မှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးနဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေး၊ ဂုဏ်သိက္ခာ၊ ဘေးကင်းရေးနဲ့ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်စွာဆုံးဖြတ်စီမံပိုင်ခွင့်ကို ခြိမ်းခြောက်နေတဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေ အဆုံးသတ် ပပျောက်သွားစေဖို့ ဖြစ်ပါတယ်” ဟု UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig က အွန်လိုင်းကမ်ပိန်းလှုပ်ရှားမှုတွင် ပြောဆိုသည်။
ကျား/မ အခြေပြု အကြမ်းဖျက်မှုတိုက်ဖျက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ကမ္ဘာတဝန်းတွင် နှစ်စဉ် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ပြုလုပ်ကြသည်။
လက်ရှိ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှုတို့ကို ဆိုးရွားစွာ တွေ့ကြုံခံစားနေကြရသည်။
“မြန်မာနိုင်ငံမှာ အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေနဲ့အတူ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေမှာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးကူညီမှု လိုအပ်ချက်မှာလည်း အရင်ကထက် ပိုမိုအရေးတကြီး လိုအပ်နေတယ်” ဟု မြန်မာနိုင်ငံရှိ နော်ဝေနိုင်ငံသံရုံးမှ Elisabeth Schwabe-Hansen က အွန်လိုင်းကမ်ပိန်းလှုပ်ရှားမှုတွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု၊ ပစ်ခတ်ခံရမှု၊ မြေမြှုပ်မိုင်း၊ တိုက်ပွဲကြား ကျည်ထိမှန်မှု၊ မီးရှိ့သတ်ဖြတ်မှု၊ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကြောင့် အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့ရပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်ရှင်အမျိုးသမီး ၅ ဦးအနက် အနည်းဆုံး ၁ ဦးမှာ ရင်းနှီးသည့် လက်တွဲဖော်၏ ရိုက်နှက်ခြင်း (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ရကြောင်း ကုလသမဂ္ဂ (UN)က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ်များက မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးအဖွဲ့များအပါအဝင် အရပ်ဖက်အဖွဲ့များက ၁၆ ရက်တာ ကျား/မ အခြေပြု အကြမ်းဖျက်မှုတိုက်ဖျက်ရေးကမ်ပိန်းကို လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ်တွင် စစ်ရေးပဋိပက္ခကြောင့် ကမ်ပိန်းလုပ်ဆောင်မှု အားနည်းနေသည်။
“အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီပဋိပက္ခတွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြတာ၊ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်သွားတာကြောင့် ပိုဆိုးသွားတာပေါ့။ ကျမတို့အနေနဲ့ မြေပြင်မှာ မလုပ်ဆောင်နိုင်ပေမယ့် လုပ်နေတဲ့သူတွေကို အားပေးပါတယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခကြောင့် အမျိုးသမီးများမှာ ဖမ်းဆီးချုပ်နှောင်မှု၊ အွန်လိုင်းအကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ ငယ်ရွယ်စဉ် အတင်းအကျပ် လက်ထပ်ခြင်းစသည့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံနေရကြောင်း ဗြိတိန်သံအမတ်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပိုမို မြင့်တက်လာနေပြီး အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့နေရသဖြင့် တားဆီးပေးရန် အရေးတကြီး လိုအပ်နေသည်။