- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
- ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ
- ရခိုင်ပြည် မြောက်ဖက်အစွန်ဖျားကို ခဏတာမျှ လှမ်းမျှော်ကြည့်ခြင်း
ဖယ်ခုံမှ စစ်ရှောင်ကလေးငယ် ၂၀ ကျော် ဝမ်းရောဂါဖြစ်နေ
ဝမ်းရောဂါဖြစ်နေသည့် ကလေးငယ်များမှာ အသက်(၅)နှစ်အောက်များဖြစ်ကြပြီး ၇ လသားအရွယ် ကလေးငယ်တစ်ဦးမှာ ရောဂါပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
02 Mar 2023

DMG ၊ မတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ဗူးဗြားကျေးရွာရှိ စစ်ဘေးရှောင်စခန်းအတွင်း သောက်သုံးရေ ရှားပါးမှု၊ မသန့်ရှင်းသည့်ရေကို သောက်သုံးနေရမှုကြောင့် ကလေးငယ် (၂၀)ကျော်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း သိရသည်။
ဗူးပြားကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် ဖေဖော်ဝါရီလအတွင်းကစပြီး သန့်ရှင်းသောသောက်သုံးရေ မရရှိသဖြင့် ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေရခြင်းဟု မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
“ဗူးပြားရွာမှာရှိတဲ့ ကလေးငယ်တွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာ။ အခုအထိက အယောက် ၂၀ ရှိနေတယ်။ အဓိက သောက်ရေသန့် ရှားပါးတဲ့ပြဿနာ ဖြစ်နေတာ။ ရေက အရမ်းရှားတယ်။ ဆေးဝါးရသလောက်နဲ့ ကုသပေးနေပါတယ်”ဟု ၄င်းကဆိုသည်။
လက်ရှိ ဝမ်းရောဂါဖြစ်နေသည့် ကလေးငယ်များမှာ အသက်(၅)နှစ်အောက်များဖြစ်ကြပြီး ၇ လသားအရွယ် ကလေးငယ်တစ်ဦးမှာ ရောဂါပြင်းထန်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။
ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းများရှိရာနေရာများမှ ရေကန်များမှာ ရေခမ်းခြောက်ပြီး သောက်သုံးရေရရှိရန် အခက်အခဲဖြစ်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောဆိုကြသည်။
စစ်ဘေးရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဆေးဝါးများကို ကရင်နီစစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်းများနှင့် အလှူရှင်များမှ ထောက်ပံ့နေသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း စစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ဦးက ပြောသည်။
“အခုကလေးတွေ တော်တော်လေး သက်သာလာပြီ။ စစ်ရှောင်ကူညီတဲ့ အဖွဲ့တွေကော အလှူရှင်တွေက ဆေးဝါးတွေ ထောက်ပံ့ပေးလာတဲ့အတွက် ပြန်ပြီးသက်သာလာတယ်။ ဒါပေမယ့် ဆေးဝါးတွေ ထပ်ပြီးလိုအပ်နေပါတယ်”ဟု ၄င်းကဆိုသည်။
ဗူးပြားကျေးရွာမှ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ(၅၁)ဆောင်နှင့် လူဦးရေ (၃၀၀)ကျော်ခိုလှုံလျက်ရှိပြီး ကလေးငယ် ၈၀ ဦးခန့်ပါဝင်ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။
ကယားပြည်နယ်နှင့်ထိစပ်ဒေသ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်က စစ်ဘေးရှောင်များမှာ သောက်သုံးရေရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိကြသဖြင့် ဝမ်းရောဂါဖြစ်ပွားမှုများကို မကြာခဏ ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် တိမ်းရှောင်နေရသူများထဲမှ ကလေးငယ်(၃)သန်းကျော်မှာ သန့်ရှင်းသည့် သောက်သုံးရေမရရှိခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef Myanmar)မှ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
#F004