ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်

သုံ့ပန်းများလှဲလှယ်ရာတွင် မြန်မာစစ်တပ်မှ အင်အား ၃၀ ခန့်က ကားတစ်စီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) မှလည်း အင်အား ၄၀ ခန့်က လာရောက်လှဲလှယ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ ပြောဆိုချက်အရ သိရသည်။

By Admin 16 Jan 2023

ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်

 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် စစ်သုံ့ပန်း ၁၅ ဦးကို  AA က လွှတ်ပေးခဲ့စဉ်။

DMG ၊ ဇန်နဝါရီ ၁၆

မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့  ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်သုံ့ပန်းများကို ထပ်မံ လှဲလှယ်လွှတ်ပေးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA) မှ တပ်ဖွဲ့ဝင် ၇ ဦးနှင့် မြန်မာစစ်တပ်မှ ရဲအရာရှိ တစ်ဦးအပါဝင် ၇ ဦးတို့ကို ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ(ရွာသစ်)နှင့် ကွမ်းတောင်ကျေးရွာကြား ရန်ကုန် - စစ်တွေ ကားလမ်းမပေါ်တွင် လွှတ်ပေးကြခြင်းဖြစ်သည်ဟု ခိုင်လုံသော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“AA ဖက်က တပ်ဖွဲ့ဝင် ၇ ဦးကို စစ်ကောင်စီဖက်က လွှတ်ပေးခဲ့တယ်။ အရာရှိ ပါလား၊ မပါဘူးလား ဆိုတာတော့ ကျနော်လည်း အတိအကျမသိဘူး။ AA ဖက်ကလည်း ၇ ဦး လွှတ်ပေးလိုက်တယ်။ အဲဒီထဲမှာ ရဲအရာရှိတစ်ဦး ပါတယ်လို့တော့ သိရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

သုံ့ပန်းလှဲလှယ်ခြင်းကို မြင်တွေ့လိုက်သည့် ကွမ်းတောင်ကျေးရွာသား တစ်ဦးကလည်း  “မနေ့က ၁၁ နာရီလောက်က စစ်ကားတစ်စီးနဲ့လာပြီးတော့ ပဒေသာကျေးရွာနားမှာ လှဲလှယ်မှုလုပ်ခဲ့တာပါ။ စစ်တပ်ကားကတော့ စစ်တွေဖက်က လာတာပါ။ AA ဖက်က လွှတ်ပေးခဲ့တဲ့အထဲမှာ ရဲအရာရှိ တစ်ယောက်ပါပါတယ်။ စစ်ကောင်စီဖက်က လွှတ်ပေးလိုက်တာကတော့ တပ်ဖွဲ့ဝင် ၇ ဦးလို့ သိရပါတယ်” ဟု ပြောသည်။

သုံ့ပန်းများလှဲလှယ်ရာတွင် မြန်မာစစ်တပ်မှ အင်အား ၃၀ ခန့်က ကားတစ်စီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA) မှလည်း အင်အား ၄၀ ခန့်က လာရောက်လှဲလှယ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့သည် ယင်းနေရာတွင် ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးနှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးတို့ကို နှစ်ဖက်အပြန်အလှန် လှဲလှယ်ခဲ့ကြသည်။

ထိုသို့ အပြန်အလှန်လွှတ်ပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “အပစ်ခတ်ရပ်စဲထားတဲ့ကာလမှာ သုံ့ပန်းလှဲလှယ်တာကတော့ ယုံကြည်မှုတည်ဆောက်တာပဲ ဖြစ်တယ်။ ဒါတွေကတော့ လုပ်ထုံးလုပ်စဉ် သဘောအတိုင်းပါပဲ။ (ဆက်ဆံရေး) တိုးတက်လာတယ်လို့တော့ ပြောလို့မရဘူး။ တိုးတက်လာတယ်ဆိုရင် စစ်ကောင်စီဖက်က တပ်တွေဆုတ်ပေးရမယ်လေ။ အခုက တပ်တွေလည်း ဆုတ်ပေးတာမရှိဘူးဆိုတော့ ဒါက လုပ်ထုံးလုပ်စဉ်တစ်ခုလို့ပဲ ကျနော်မြင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါလ ၄ ရက် (လွတ်လပ်ရေး) နေ့တွင် ရခိုင်ပြည်ရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၈ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း AA နှင့် ဆက်စပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသည့် ဒေသခံများ မပါဝင်ခဲ့ပေ။

DMG က ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် မြို့နယ်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများအပါအဝင် စုစုပေါင်းလူဦးရေ ၅၀ ခန့်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

#R007

ဗီဒီယိုများ