AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ဒေသခံ ၄၂၄ ဦးအထိ ရှိလာနေသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူက DMG ကို ပြောသည်။

By Admin 24 May 2025

ဒေသခံများကို ဆေးကုသပေးနေသည့် ဆေးဘက်ဆိုင်ရာ AA တပ်သားများကို ၂၀၂၃ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။
ဒေသခံများကို ဆေးကုသပေးနေသည့် ဆေးဘက်ဆိုင်ရာ AA တပ်သားများကို ၂၀၂၃ ခုနှစ်၊ မေလအတွင်းက တွေ့ရစဉ်။

DMG ၊ မေ ၂၄

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ ဧပြီလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ဒေသခံ ၄၂၄ ဦးအထိ ရှိလာနေသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူက DMG ကို ပြောသည်။

တောတောင်များ ပေါများသည့် ရခိုင်ဒေသတွင် နှစ်စဉ်နှစ်တိုင်း ငှက်ဖျားအန္တရာယ် စိုးရိမ်စရာကောင်းနေပြီး၊ လာမည့် မိုးဦးရာသီတွင် ပြည်သူများအနေဖြင့် ငှက်ဖျားအန္တရာယ် သတိထားရန် လိုအပ်ကြောင်း အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက သတိပေးသည်။

ယခုလတွင်လည်း ငှက်ဖျားရောဂါဖြစ်ပွားသူများရှိနေပြီး စာရင်းအတိကျ မသိရသေးပေ။ သို့သော် DMG က စုံစမ်းသိရှိချက်အရ AA ထိန်းချုပ်ထားသည့် နယ်မြေရှိ ဆေးရုံတစ်ခုတွင် ယခုလအတွင်း ငှက်ဖျားဖြစ်ပွားပြီး ဆေးကုသနေသူ ၂၀ ကျော်ရှိသည်ဟု သိရသည်။

" ငှက်ဖျားရောဂါက တကယ့်ကို ကြောက်ဖို့ ကောင်းတယ်။ တခြားရောဂါတွေနဲ့ မတူဘူး။ ကျန်းကျန်းမာမာ ရှိနေတဲ့ကြားထဲကတောင်မှ ထိုးလဲပြီးတော့ ဆေးရုံသွားနိုင်တဲ့ မိသားစုတွေမှာ ဆေးရုံမှာ စစ်ကြည့်တော့ ငှက်ဖျားရောဂါဖြစ်ပါတယ်။ ငှက်ဖျားရောဂါကိုတော့ ဘယ်လိုမှ ကာကွယ်လို့မနိုင်ဘူး " မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသ နတ်ထောင့်ရွာဟောင်းကျေးရွာမှ ဦးမောင်ရွှေလှက ပြောသည်။

ငှက်ဖျားရောဂါဟာ မိုးဦးရာသီနှင့် မိုးနှောင်းကာလများတွင် အဖြစ်များတတ်၍ ခြင်ထောင်များဖြင့် စနစ်တကျ အိပ်စက်ရန် လိုအပ်သည်။ ယင်းအပြင် ခြင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သဖြင့် ခြင်ကိုက်ခံရပြီး နောက် ၁၀ ရက်ကနေ ၄ ပတ်အတွင်း ရောဂါလက္ခဏာပြတတ်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ဆိုသည်။

ငှက်ဖျားရောဂါဖြစ်ပါက ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်များခြင်း၊ အော့အန်ခြင်းစသည့် လက္ခဏာ များပေါ်ပေါက်တတ်သဖြင့် အချိန်မီဆေးကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်ပေါ် လာနိုင်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသ၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသ၊ ပုဏ္ဏားကျွန်း တောဖျားချောင်းနှင့် အခြား ဝေးလံခေါင်သီသည့် ဒေသများတွင် မိုးဦးကာလ မသန့်ရှင်းသော ရေများကို သောက်သုံးရခြင်း၊ ခြင်းကိုက်သဖြင့် ငှက်ဖျားရောဂါ အဖြစ်များကြောင်း ဒေသခံများက ဆိုသည်။

" ကျနော် ယိုးချောင်းချောင်းဖျားမှာ မိုးစာအတွက် ဝါးခုတ်၊ ထင်းရှာသွားတာ အဲမှာ ချောင်းရေ၊ မြောင်ရေကို သောက်သုံး ရတယ်။ ရေမသန့်ဘူး။ ခြင်ကိုက်တာလည်းများတော့ ငှက်ဖျားမိလာတယ်။ အခုတော့ ဆေးရုံမှာ ကုသလို့ ကောင်းသွားပြီ " ဟု ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိ မိုးဦးရာသီတွင် ရခိုင်ကျေးလက်ဒေသခံများမှာ မိုးရာသီအသုံးပြုရန် ဝါး၊ ထင်းများကို ဝမ်းစာ စုဆောင်းလေ့ရှိပြီး ချောင်းဖျားဒေသများသို့ သွားရောက်အလုပ်လုပ်ကြသဖြင့် ငှက်ဖျားအန္တရာယ် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း ပြောကြသည်။

မင်းပြားလူငယ်များ အစည်းအရုံး ဒါရိုက်တာ ကိုမင်းနိုင်စိုးက " ဖုံသာချောင်း၊ ပန်းမြောင်းကြီး ချောင်းဖြစ်တဲ့ လေးမြို့ချောင်း ဒီဖက်တွေမှာကျတော့ နှစ်စဉ်၊ နှစ်တိုင်း ငှက်ဖျား အန္တရာယ်နဲ့ ကြုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ချောင်းရေကိုပဲ သုံးရတယ်။ ချောင်းရေကိုပဲ သောက်ရတဲ့အတွက် ငှက်ဖျားရောဂါအများဖြစ်တယ်လို့ ကျနော်မြင်ပါတယ်" ဟု ဆိုသည်။

လက်ရှိတွင် အာရက္ခပြည်သူ့ ကျန်းမာရေးဌာနအနေဖြင့် ငှက်ဖျား အဖြစ်များသည့် ကျေးရွာများကို အခမဲ့ ကွင်းဆင်းကုသပေးခြင်းများ၊ ပြည်သူ့လူထု အခြေပြု ငှက်ဖျားစေတနာ့ဝန်ထမ်းများကို သင်တန်းပေးခြင်းများ၊ ငှက်ဖျားကာ ကွယ်မည့် ပစ္စည်းများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် ငှက်ဖျားဆေးများ ပြတ်လပ်မှု မရှိအောင် ဆောင်ရွက်ထားသည်ဟု DMG ကို ပြောသည်။

ရခိုင်ဒေသတွင် နေရပ်စွန့်ခွာ နေရသူ ၆ သိန်းကျော်အထိ ရှိလာနေပြီး၊ စစ်ဘေးရှောင်းများမှာ အခက်အခဲ မျိုးစုံကြားထဲတွင် ဖြန်သန်းနေရသူများ ဖြစ်ပြီး၊ ကျောက်ဖြူမြို့နယ်က တိုက်ပွဲကြောင့် လတ်တလော ထွက်ပြေးလာသူများမှာ ခြင်ထောင်များ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ပလက်မြို့နယ်တွင်လည်း ငှက်ဖျားရောဂါဖြစ်သူများနေပြီး သဲကုန်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဧပြီလအတွင်းက ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ ၃ ဦးထက်မနည်း ရှိခဲ့ပြီး၊ ရခိုင်က ကျေးလက်နေပြည်သူအများစုမှာ တောတောင်များကို သွားလာကာ လုပ်ကိုင်စားသောက်နေရသဖြင့် ငှက်ဖျားအန္တရာယ်ကို ရှောင်လွှဲရန် ခက်ခဲနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။