- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
အထောက်အထားများအား သက်တမ်းတိုးရန် ထိုင်းဘတ်ငွေတစ်သောင်း (မြန်မာငွေ ၁၃ သိန်း)နှင့်အထက် ကုန်ကျမည်ဖြစ်၍ ငွေကြေးမတတ်နိုင်သည့် အလုပ်သမားများမှာ အခက်ကြုံနေကြရသည်။
17 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများမှာ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ သက်တမ်းတိုးရန် ငွေကြေးအခက်အခဲနှင့် ကြုံနေရကြောင်း အလုပ်သမားအရေး ကူညီနေသူများထံမှ သိရသည်။
အထောက်အထားများအား သက်တမ်းတိုးရန် ထိုင်းဘတ်ငွေတစ်သောင်း (မြန်မာငွေ ၁၃ သိန်းနှင့်အထက်) ကုန်ကျမည်ဖြစ်၍ ငွေကြေးမတတ်နိုင်သည့် အလုပ်သမားများမှာ အခက်ကြုံနေကြရသည်။
“ကျနော့်မှာဆိုရင် ပန်းရောက်ကဒ်က သက်တမ်းကုန်တော့မယ်။ ဒါပေမယ့် သက်တမ်းတိုးဖို့အတွက် ပိုက်ဆံ မရှိတော့ မတိုးရသေးဘူး။ ဘတ်တစ်သောင်းတောင်ဆိုတော့ အလုပ်အဆင်မပြေတာနဲ့ သက်တမ်းတိုးမယ့် ကိစ္စက မဖြစ်နိုင်သေးဘူး” ဟု ထိုင်းရောက် မြန်မာအလုပ်သမား ကိုသူရိန်က ပြောသည်။
အသိအမှတ်ပြု CI စာအုပ်နှင့် အလုပ်လုပ်ကိုင်ရန် Pink Card စသည့် အထောက်ထားများကို သက်တမ်းတိုးရန် ထိုင်းနိုင်ငံအစိုးရက ဘတ်ငွေ ရှစ်ထောင်ဝန်းကျင်သာ ကုန်ကျမည်ဟု ကြေညာထားသော်လည်း ပွဲစားများမှ ဘတ်ငွေတစ်သောင်းခွဲအထိ တောင်း၍ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
စက်ရုံများ၌ အလုပ်လုပ်နေသည့် အလုပ်သမားများအတွက် သက်တမ်းတိုးခြင်းကို စက်ရုံလုပ်ငန်းရှင်များက တာဝန်ယူလုပ်ဆောင်ပေးပြီး ဘတ်ငွေတစ်သောင်းကျော် တောင်းခံမှုကြောင့် ဆန္ဒပြသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
သက်တမ်းတိုးခြင်းအပြင် အထောက်အထားများ အသစ်ပြုလုပ်ရန် ဒီဇင်ဘာ ၁၆ ရက်မှ ရက်ပေါင်း ၃၀ အတွင်း စာရင်းသွင်းနိုင်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ပြုလုပ်ပေးမည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။
“ထိုင်းအစိုးရကတော့ အလုပ်သမားတွေအတွက် အဆင်ပြေအောင် လုပ်ပေးပါတယ်။ ဒါပေမဲ့ မြန်မာသံရုံးက ကူညီတာအားနည်းတာရယ်၊ အလုပ်သမားတွေဆီက ပွဲစားတွေ အဆမတန် တောင်းတာရယ်တွေကြောင့် အဆင်မပြေကြတာတွေ များတယ်” ဟု ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသူ ကိုစိုင်းမျိုးက ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ရန် MOU နည်း၊ အသိအမှတ်ပြု CI စာအုပ်နှင့် အလုပ် လုပ်ကိုင်ရန် Pink Card ပြုလုပ်၍ လုပ်ကိုင်နိုင်သည်။ တရားမဝင်နေထိုင်သည့် မည်သည့်နိုင်ငံသားကိုမဆို ငွေဒဏ်အပြင် ထိုင်းနိုင်ငံသို့ ထပ်မံဝင်ရောက်ခွင့်များ ပိတ်ပင်သွားမည်ဟု ကြေညာထားသည်။
အလုပ်သမားအရေးကူညီနေသူ အမျိုးသမီးတစ်ဦးက “သက်တမ်းတိုးဖို့အတွက် ပွဲစားတွေက ပိုက်ဆံအများကြီးတောင်းတော့ အလုပ်သမားတွေလည်း အကုန်အကျများကြတာပေါ့။ အဲတော့ တချို့မတတ်နိုင်တဲ့ အလုပ်သမားတွေဆို သက်တမ်းမတိုးဘဲ တရားမဝင်အဖြစ်နဲ့ နေကြတာများတယ်။ တရားမဝင်တော့ အလုပ်သမားအခွင့်အရေးတွေလည်း အပြည့်အဝမရကြဘူး” ဟု ပြောသည်။
ထိုင်နိုင်ငံအတွင်း နှစ်ပေါင်း ၁၇ နှစ်မှ ၂၅ နှစ်ကြာသည်အထိ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်ဟု ထိုင်းအစိုးရက ကြေညာထားပြီး ယင်းထဲတွင် မြန်မာနိုင်ငံသား အများအပြား ပါဝင်သည်။