- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
ရမ်းဗြဲတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်၍ ဒေသခံများအခက်ကြုံ
အိန္ဒိယဘက်မှဝင်ရောက်သည့် ကုန်ပစ္စည်းများကို ကျောက်တော်၊ မင်းပြားမြို့နယ်မှတစ်ဆင့် ရမ်းဗြဲမြို့နယ်သို့ တင်သွင်းနေရခြင်းဖြစ်၍ သယ်ယူမှုစရိတ်ကြီးမြင့်မှုကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်သွားသည်။
29 Nov 2024
DMG ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ၍ ဒေသခံများမှာ စားဝတ်နေရေးနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေကြရသည်။
ငရုတ်သီးခြောက် တစ်ပိဿာ ငွေကျပ် ၃၅,၀၀၀၊ ပဲဆီ တစ်ပိဿာ ငွေကျပ် ၃၃,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ငွေကျပ် ၄၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၂၅,၀၀၀ နှင့် စက်သုံးဆီ 92 (အောက်တိန်း) တစ်လီတာ ငွေကျပ် ၁၅,၀၀၀ ထိ မြင့်တက်နေသည်။
ရမ်းဗြဲဒေသခံများမှာ အလုပ်အကိုင်ရှားပါးသည့်အထဲ ကုန်ဈေးနှုန်းမြင့်တက်နေသဖြင့် စားဝတ်နေရေး အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။
“အရင်က တစ်ရက်ကို ငွေတစ်သောင်းဆိုလည်း မိသားစုလေးယောက် ဝဝလင်လင်စားရတယ်။ အခုက ငွေတစ်သောင်းက ဘာမှအသုံးမခံတော့ဘူး။ အလုပ်အကိုင်လည်း အဆင်မပြေဘူး။ အလုပ်ဆိုလို့ ဆောင်းဝင်ပြီဆိုတော့ ကောက်ရိတ်တာလောက်ပဲ ရှိတယ်။ ရာသီကုန်ရင် ဘာလုပ်ရမလဲ မသိတော့ဘူး” ဟု ရမ်းဗြဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထား၍ ပြည်မဘက်မှ ကုန်ပစ္စည်းဝင်ရောက်ခြင်း မရှိသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။
ရခိုင်ဒေသအတွင်း လက်ရှိသုံးစွဲနေသော အခြေခံစားကုန်ပစ္စည်းများမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ အဓိက ဝင်ရောက်သည့် ကုန်ပစ္စည်းများဖြစ်ပြီး မကွေးတိုင်းဘက်မှလည်း ဝင်ရောက်မှု ရှိသည်။
အိန္ဒိယဘက်မှဝင်ရောက်သည့် ကုန်ပစ္စည်းများကို ကျောက်တော်၊ မင်းပြားမြို့နယ်မှတစ်ဆင့် ရမ်းဗြဲမြို့နယ်သို့ တင်သွင်းနေရခြင်းဖြစ်၍ သယ်ယူမှုစရိတ်ကြီးမြင့်မှုကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်သွားသည်။
“အိန္ဒိယ၊ ဆောတို့ကနေ ကျောက်တော်နဲ့ မင်းပြားကို သယ်ရတာဆိုတော့ ဒီဘက်ကိုသယ်တဲ့ လမ်းစရိတ်တွေ မပါသေးဘဲ အဲဒီမြို့တွေမှာတင် ကုန်ဈေးက ကြီးနေပြီးသား။ ရမ်းဗြဲကိုသယ်ရတော့လည်း ကုန်းတစ်တန်၊ ရေတစ်တန်ဆိုတော့ ဈေးတွေ ပိုမြင့်တက်သွားတာ” ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် တောင်ကုတ်၊ အမ်းနှင့် ကျောက်ဖြူမြို့နယ်တို့မှလည်း စစ်ဘေးရှောင် သောင်းနှင့်ချီရှိနေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။