ရန်ကုန်တွင် ပျောက်ဆုံးနေသည့် ရခိုင်မိန်းကလေးတစ်ဦး တပတ်ကျော်ကြာသည့်တိုင် သတင်းအစအနမရသေး

ပျောက်ဆုံးနေသူ မခင်သက်လွင်မှာ ပြီးခဲ့သည် ၂၀၂၂ ခုနှစ် မတ်လကပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

By Admin 17 Jan 2023

ရန်ကုန်တွင် ပျောက်ဆုံးနေသည့် ရခိုင်မိန်းကလေးတစ်ဦး တပတ်ကျော်ကြာသည့်တိုင် သတင်းအစအနမရသေး

 

DMG ၊ ဇန်နဝါရီ ၁၇

ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်က မိန်းကလေးတစ်ဦး ပျောက်ဆုံးနေသည်မှာ ၇ ရက် ကြာပြီဖြစ်သော်လည်း ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည်။

ပျောက်ဆုံးနေသူမှာ ‌ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာမှ ဦးမောင်သန်းလွင်နှင့် ဒေါ်မေဆန်းတို့၏ သမီး မခင်သက်လွင် (၁၉) နှစ်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကပ်ပြား အမှတ် ၁၁/ ကဖန(နိုင်) ၁၇၁၇၆၁ ဖြစ်ကြောင်း သိရသည်။

မခင်သက်လွင်မှာ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် (၅၈) ရပ်ကွက်ရှိ အဒေါ်ဖြစ်သူ ဒေါ်တင်ချိုဝင်း၏ နေအိမ်တွင်နေထိုင်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက အလုပ်ရှိရာ ဒဂုံဆိပ်ကမ်းမြို့နယ် (၆၃ ) ရပ်ကွက်မှ စက်ခြုပ်ဆိုင်သို့သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဆွေမျိုးဖြစ်သူ ဦးမင်းမင်းအောင်က DMG သို့ ပြောသည်။

“သူနဲ့ အဆက်အသွယ်ရှိတဲ့ သူမှန်သမျှကို ကျနော်တို့ ဆက်သွယ်စုံစမ်းခဲ့ပြီ။ အခုထိ ဘာသတင်းမှ မကြားရသေးပါဘူး။ သူအလုပ်လုပ်ခဲ့တဲ့ နေရာအနီးတဝိုက်မှာ လူပျောက်ကြော်ငြာတွေလည်း ကပ်ထားပါတယ်။ မနက်ဖြန် (ရဲစခန်းမှာ) လူပျောက်တိုင်ချက်ဖွင့်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးမင်းမင်းအောင်က ပြောသည်။

ပျောက်ဆုံးနေသူမှာ ပြီးခဲ့သည် ၂၀၂၂ ခုနှစ် မတ်လကပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ လက်ရှိအချိန်ထိ မခင်သက်လွင်၏ လက်ကိုင်ဖုန်းကိုလည်း ဆက်သွယ်၍မရသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

မိခင်ဖြစ်သူ ဒေါ်မေဆန်းက “ခေတ်ကမကောင်းဘူး။ သတင်းတွေ အမျိုးမျိုးကြားနေရတဲ့အထဲမှာ အခုလို ပျောက်သွားတာကို စဉ်းစားလို့ မရဘူး။ သူ့ကောင်လေးကိုလည်း ဆက်သွယ်ပြီးပြီ။ ခိုးရာလိုက်တာလည်း မဟုတ်ဘူး။ ကျမသမီးကို ကူရှာပေးကြပါ။ တွေ့ရင် အကြောင်းကြားပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသည့် မခင်သက်လွင်ကို တွေ့ရှိပါက မိခင်ဖြစ်သူ ဒေါ်မေဆန်း၏ ဖုန်းနံပါတ် 09 453 630 837 နှင့် ဦးလေးဖြစ်သူ ဦးခင်ကျော်လင်း၏ ဖုန်း 09 421 727 946 တို့ကို ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း မိသားစုဝင်များက အကူအညီတောင်းထားသည်။ 

#I008

ဗီဒီယိုများ