ရခိုင်မှ တက္ကသိုလ်/ကောလိပ် ကျောင်းသားများ အချိန်ပိုင်းအလုပ် လုပ်ခွင့်ရရှိအောင် လုပ်ငန်းရှင်များ စီစဉ်နေ

ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ မြို့နယ်တို့တွင် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများရှိပြီး အဆိုပါမြို့နယ်များသို့ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကွင်းဆင်းပြီး ကျောင်းသား/သူများ အချိန်ပိုင်း အလုပ်လုပ်ကိုင်နိုင်ရန် စတင်ဆောင်ရွက်တော့မည် ဖြစ်သည်။

By Admin 13 Jan 2023

ရခိုင်မှ တက္ကသိုလ်/ကောလိပ် ကျောင်းသားများ အချိန်ပိုင်းအလုပ် လုပ်ခွင့်ရရှိအောင် လုပ်ငန်းရှင်များ စီစဉ်နေ

သံတွဲမြို့တွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်နေသည့် GTI ကျောင်းသား/သူများအား တွေ့ရစဉ်။/ ဓာတ်ပုံ - ဦးသိန်းရွှေ

DMG၊ ဇန်နဝါရီ ၁၃

သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ) GTI မှ ကျောင်းသား/သူများကဲ့သို့ အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိအောင် ရခိုင်ပြည်အတွင်းရှိ အခြားတက္ကသိုလ်နှင့် ကောလိပ်တို့မှ ကျောင်းသား/သူများကိုလည်း အလုပ်အကိုင်များ ပေးနိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။  

သံတွဲမြို့ရှိ GTI မှ ကျောင်းသား/သူများကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် အပိုဝင်ငွေရရှိစေရန်နှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဟုဆိုကာ သံတွဲမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသိန်းရွှေက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် GTI ကျောင်းသား/သူများကဲ့သို့ ရခိုင်ပြည်အတွင်းရှိ အခြား တက္ကသိုလ်/ ကောလိပ် ကျောင်းသား/သူများကိုလည်း အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ခွင့်ရရှိစေရန် လက်ရှိတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးစီးကာ စီးပွားရေးလုပ်ငန်းရှင်များမှ စီစဉ်နေခြင်းဖြစ်သည်ဟု သံတွဲမြို့မှ စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းရွှေက ပြောသည်။  

“GTI နဲ့ နေ့သင်တန်း(Day)တွေ ပါမယ်။ အဝေးသင်တွေက ကျောင်းတစ်လပဲ တက်ရတာဆိုတော့ အလုပ်တွေရှိတယ်။ အဲဒါကြောင့် ကောလိပ်သမားတွေနဲ့ နေ့သင်တန်းသမားတွေအတွက် စီစဉ်တာပါ။ မြို့နယ်အလိုက်ကို သူတို့မေဂျာနဲ့ ကိုက်ညီတဲ့အလုပ်တွေကို ချပေးသွားဖို့ ကျနော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီစဉ်နေကြပါတယ်။ ကျောင်းသားတွေက များတော့ လုပ်တဲ့အခါ အလှည့်ကျစနစ်နဲ့ လုပ်ပေးသွားမှာပါ”  ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ မြို့နယ်တို့တွင် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများရှိပြီး အဆိုပါမြို့နယ်များသို့ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကွင်းဆင်းပြီး ကျောင်းသား/သူများ အချိန်ပိုင်း အလုပ်လုပ်ကိုင်နိုင်ရန် စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း ဦးသိန်းရွှေက ပြောသည်။

တက္ကသိုလ်/ကောလိပ်တို့မှ ကျောင်းသား/သူများကို စက်သုံးဆီဆိုင်၊ စားသောက်ဆိုင်၊ လျှပ်စစ်နှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

ထိုသို့ စီစဉ်နေခြင်းမှာ ကျောင်းသား/သူများအတွက် များစွာ အကျိုးရှိလာနိုင်ပြီး ဘွဲ့မရမီကာလတွင် လုပ်ငန်းခွင်ထဲအလုပ်လုပ်ပြီး အတွေ့အကြုံများလည်း ရရှိမည်ဖြစ်သဖြင့် ဝမ်းသာမိကြောင်း တောင်ကုတ်မြို့မှ Day ကျောင်းသား ကိုထွန်းထွန်းက ပြောသည်။

“ကုန်စုံဆိုင်တို့၊ ဓာတ်ဆီဆိုင်တို့မှာ ကျောင်းပိတ်ရက်တွေဆိုရင် စာရင်းကိုင်တွေဘာတွေ လုပ်ကြည့်ချင်တယ်။ အတွေ့အကြုံလည်း ရတာပေါ့။ ရခိုင်မှာ အခုလိုဖြစ်လာတာက ဝမ်းသာစရာသတင်းပါ။ အခွင့်အလမ်းတွေလည်း ရတယ်” ဟု သူက ပြောသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုများကြောင့် ရခိုင်ပြည်တွင်းမှ တက္ကသိုလ်ကျောင်းသား/သူများ၏ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်များမှာလည်း မြင့်တက်လျက်ရှိနေသည်။ ထို့ကြောင့် နယ်မှ မြို့ပေါ်သို့ ကျောင်းလာတက်သည့် တက္ကသိုလ်ကျောင်းသား/သူများမှာ အခက်ခဲများစွာဖြင့် ကြုံတွေ့နေကြရသည်။

“အချိန်ပိုင်း အလုပ်တွေ လုပ်ရမယ်ဆိုတော့ အရမ်းဝမ်းသာရပါတယ်။ ကျောင်းသားအများစုက ဒီအချိန်မှာ အရမ်းခက်ခဲနေကြတာဆိုတော့ အခုလို အချိန်ပိုင်းအလုပ်တွေ လုပ်ရတော့မယ်ဆိုတော့ ဘယ်လိုလိုပဲပြောပြော အရမ်းကောင်းပါတယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း(Day) တက်နေသည့် မခင်စန္ဒာအေးက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လည်း သံတွဲမြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးစီးပြီး စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများမှာ မြို့နယ်အလိုက် တက္ကသိုလ်နှင့် ကောလိပ်တို့မှ ကျောင်းသား/သူများ အချိန်ပိုင်း အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့မှ GTI ကျောင်းသား/သူ ၁၀၀ ခန့်မှာ စက်သုံးဆီဆိုင်၊ စားသောက်ဆိုင် အချို့တို့တွင် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်လျက်ရှိကြပြီး တစ်နေ့လုပ်အားစရိတ်မှာ ငွေကျပ် ၆,၀၀၀ မှ ၈,၀၀၀ အထိ ရရှိကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/သူများ အချိန်ပိုင်းအလုပ်များ လုပ်ကိုင်နိုင်ရန်အတွက် သံတွဲမှ စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းရွှေ ဦးဆောင်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းများကို ရပ်ထားနားခဲ့ရကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်စတင်ပြီး ကျောင်းသား/သူများကို အချိန်ပိုင်းအလုပ်များ ပြန်လည် ဖန်တီးပေးထားခြင်းဖြစ်သည်။

#R005

ဗီဒီယိုများ