ရခိုင်တွင် စစ်ရှောင်ကျောင်းသားအချို့ ငွေကြေးမရှိ၍ ပညာမသင်နိုင်ကြ

" ထမင်းတောင် ဘယ်နေ့ ငတ်မယ် မသိဘူး။ ဝင်ငွေမရှိတော့ ပညာရေးကို နောက်ဆုတ်လိုက်ရတယ်။ သားရော၊ သမီးကိုပါ ကျောင်းထုတ်လိုက်ရတယ်" ဟု ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

By Admin 19 Jul 2025

၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။
၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၉

ရခိုင်ပြည်ရှိ မြို့နယ်အချို့မှ စစ်ဘေးရှောင် ကျောင်းသား/သူ အချို့မှာ မိဘအုပ်ထိန်းသူများ၏ ငွေကြေးအကျပ်အတည်းများကြောင့် ကျောင်းဆက်မတက်နိုင်ဘဲ ဖြစ်နေကြရသည်ဟု သတင်းရရှိသည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်နေသည့် ကျောင်းသား/သူအချို့မှာ ယခုနှစ်တွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

" ထမင်းတောင် ဘယ်နေ့ ငတ်မယ် မသိဘူး။ ဝင်ငွေမရှိတော့ ပညာရေးကို နောက်ဆုတ်လိုက်ရတယ်။ သားရော၊ သမီးကိုပါ ကျောင်းထုတ်လိုက်ရတယ်။ အလယ်တန်းတစ်ယောက်၊ အထက်တန်းတစ်ယောက်ပေါ့။ ဒီနှစ်မှ ကျောင်းဆက် မထားနိုင်တော့တာ " ဟု ကျောက်တော်မြို့နယ်၊ သဝင်ကိုင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုနှစ် ကျောင်းဖွင့်ရာသီတွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်များတွင် မူလတန်း ကျောင်းသား တစ်ဦးကို တစ်လလျှင် ငွေကျပ် ၂၀,၀၀၀၊ အလယ်တန်းကျောင်းသား တစ်ဦးကို ငွေကျပ် ၃၀,၀၀၀ နှင့် အထက်၊ အထက်တန်းကျောင်းသား တစ်ဦးကို ငွေကျပ် ၅၀,၀၀၀ နှင့်အထက် ဈေးနှုန်းပေးရကြောင်း ကျောင်းသားမိဘများက ပြောသည်။ သို့သော် မြိုနယ်နှင့် ကျောင်းအလိုက် ငွေကြေး ကွာခြားမှုရှိကြောင်း သိရသည်။

ထို့အတူ ကိုယ်ပိုင်ကျောင်းများတွင် အထက်တန်းကျောင်းသားတစ်ဦးကို တစ်လလျှင် ငွေကျပ် ၉၀,၀၀၀ မှ တစ်သိန်းကျော်အထိ ရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ရခိုင်စစ်ဘေးရှောင်များမှာ ကူညီကယ်ဆယ်ရေး မရရှိခြင်းနှင့် အလုပ်အကိုင်ရှားပါးခြင်းများကို ယခုနှစ်တွင် ပို၍ ကြုံတွေ့နေရပြီး နေ့စဉ်ဝင်ငွေမရှိ၍ စားဝတ်နေရေးကျပ်တည်းမှုကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ကျောင်းသား/သူ တစ်ဦးထက် ပိုရှိသည့် အိမ်ထောင်စုများတွင် ငွေကြေးမတတ်နိုင်၍ သားသမီးအားလုံးကို ပညာဆက်လက်မသင်ကြားနိုင်ကြတော့ကြောင်း စစ်ဘေးရှောင်များ ပြောပြချက်အရ သိရသည်။

" ပေါက်တောမြို့နယ်ဘက်က ရွာတွေမှာ စစ်ဘေးရှောင်ကလေး တော်တော်များများ ကျောင်းမတက်နိုင်ကြဘူး။ ကျမဆိုရင် ဆားပြင်ရွာဘက်တို့မှာ စစ်ဘေးရှောင်တချို့ ငွေမတတ်နိုင်လို့ သားသမီးတွေကို ကျောင်းဆက် မသင်တာတွေကို တွေ့ခဲ့တယ်" ဟု ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်များတွင် ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးများမှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ ဝမ်းရေးအတွက် တောင်းရမ်းစားသောက်မှုများရှိနေကြသည်။

တစ်ဘက်တွင်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက် တော၊ အမ်း၊ မြေပုံစသည့်မြို့နယ်များတွင် မြို့နယ်အလိုက် လူမှုကူညီရေးလုပ်နေသည့် အဖွဲ့အစည်းများက အခမဲ့ ပညာသင်ကြားရေးစနစ်အား စီစဉ်အကောင်ထည်ဖော်လျက်ရှိသည်။

သို့သော်လည်း အခမဲ့ပညာသင်ကြားရေးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသအချို့နှင့် လက်လှမ်းမမီသည့်‌ ကျေးရွာအချို့မှ စစ်ဘေးရှောင် ကျောင်းသား/သူများမှာ ပညာမသင်ကြားနိုင်ကြကြောင်း ပြောဆိုကြသည်။

" ကျောင်းအတွက် လိုအပ်တဲ့ ကျောင်းသုံးစာအုပ်နဲ့ စာရေးပစ္စည်းတွေ ဝယ်ရတာ လိုက်မမီနိုင်တော့လို့ ကျောင်း ဆက်မထားနိုင်ကြတော့ဘူး။ ပြီးတော့ စစ်ဘေးရှောင်နေတဲ့ရွာမှာ အလယ်တန်း၊ အထက်တန်းကျောင်းတွေ မရှိရင် သူများရွာမှာ စားစရိတ်တွေ ပေးနေပြီး မထားနိုင်ကြတော့ဘူး " ဟု အမ်းမြို့နယ်က စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲစတင်ချိန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ မြို့နယ်အများအပြားတွင် နှစ်ဘက်တိုက်ပွဲကြောင့် စာသင်ကျောင်းများအား ပိတ်ထားခဲ့ရပြီး ယခုနှစ် ကျောင်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။

လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် ကျောင်းများကို ပုံမှန်ဖွင့်လှစ်လာနေသော်လည်း စစ်ဘေးရှောင် ကျောင်းသား/သူအများအပြားမှာ ငွေကြေးအခက်အခဲကြောင့် ပညာ မသင်ကြားနိုင်ဘဲ ဖြစ်နေရသဖြင့် ပညာသင်ကြားနိုင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေကြသည်။