ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ

ရေကြည်မြို့နယ်၊ နဂါးရစ်တောင်ဗျူဟာမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့သည် စောပြာကျေးရွာအနီးတွင် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းမှ စ၍ တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

By Admin 15 Jul 2025

စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - mmmilitary
စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - mmmilitary

DMG ၊ ဇူလိုင် ၁၅

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားမှုများ လုပ်နေသဖြင့် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ နဂါးရစ်တောင်ဗျူဟာမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့သည် စောပြာကျေးရွာအနီးတွင် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းမှ စ၍ တိုက်ပွဲများဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ရေကြည် ဒေသခံအမျိုးသားတစ်ဦးက " စစ်ကောင်စီက နဂါးရစ်တောင်ဗျူဟာကနေ စောပြာဖက်ကို ထိုးစစ်ဆင်နေတယ်။ အဓိကတော့ စစ်ကောင်စီက ပုသိမ်- မုံရွာ ကားလမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ " ဟု ပြောသည်။

စောပြာကျေးရွာအနီးတွင် ယနေ့၊ နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်များ ပြင်းထန်နေပြီး စစ်ကောင်စီသည် နဂါးရစ်တောင်ဗျူဟာကနေ လက်နက်ကြီး ပစ်ကူများပေးနေကြောင်း ဒေသခံများက ပြောသည်။

စောပြာကျေးရွာအနီးတွင် ၂၀၂၅ ခုနှစ်၊ မတ်လမှ စပြီး နှစ်ဖက်တိုက်ပွဲများ ရံဖန်ရံကာဖြစ်တက်သော်လည်း ယခုရက်ပိုင်းတွင် ပို၍ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။

စောပြာကျေးရွာနှင့် အနီးတစ်ဝိုက်ကို အာရက္ခတပ်တော်နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဆိုသည်။

နဂါးရစ်တောင်ဗျူဟာသည် ပုသိမ်- မုံရွာကားလမ်းမနှင့် အမတ- ၃၄၄ တပ်ရင်းတို့ကို ထိန်းညှိရန်အတွက် အထိုင်ချထားခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တို့က ဆိုသည်။

" ပုသိမ်- မုံရွာကားလမ်းပိုင်းကို ဆုံးရှုံးရမှာ ကြောက်သလို အမတ- ၃၄၄ အတွက်လည်း ပစ်ကူပေးလို့ရနိုင်တဲ့ နေရာဖြစ်တာကြောင့် စစ်ရေးအရ အရေးပါလို့ နဂါရစ်တောင်မှာ စစ်ကောင်စီ ဗျူဟာချထားတာ။ နောက်တစ်ခါ ရေနံသာဂိတ်နဲ့လည်း နီးစပ်တာကြောင့် ထောက်ပို့ လုပ်ရတာလည်း စစ်ကောင်စီအတွက် ပိုပြီး အဆင်ပြေတဲ့ နေရာဖြစ်တယ် " ဟု ဧရာဝတီတိုင်းက စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ပုသိမ်- မုံရွာလမ်းပိုင်းရှိ ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်တို့တွင် ကျေးရွာမြေအများစုကို တော်လှန်ရေးပူးပေါင်းတပ်များက ထိန်းချုပ်ထားကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်း စစ်မျက်နှာတွင် အာရက္ခတပ်တော်နှင့် ဧရာဝတီအခြေစိုက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ ပူးတွဲ စစ်ရေးလှုပ်ရှားနေကြပြီး စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းနှင့် ရဲစခန်းများအပါဝင် စခန်းပေါင်း ၁၀ ခု ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်။