- လေးမျက်နှာသို့ ရေကြောင်းမှ တစ်ဆင့် စစ်ကောင်စီ အင်အားဖြည့်နေ
- ပါကစ္စတန်မှာ မိုးကြီးရေလျှံမှုကြောင့် ၂၄ နာရီအတွင်း လူ ၅၀ ကျော်သေဆုံး
- ဘင်္ဂလားဒေ့ရှ်ရှိ ရှိတ်ဟာဆီနာပါတီ အမာခံမြို့၌ အဓိကရုဏ်းများ ဖြစ်ပွားပြီး ၄ ဦး သေဆုံး
- ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန်သွားသည့် လူငယ်အယောက်နှစ်ဆယ်ကို AA က စစ်မှုထမ်းသင်တန်းပို့
- ပေါက်တော၊ မြေငူကျွန်းက စစ်ဘေးရှောင်များ ထမင်းရည်သောက်နေကြရ
ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန်သွားသည့် လူငယ်အယောက်နှစ်ဆယ်ကို AA က စစ်မှုထမ်းသင်တန်းပို့
ရခိုင်ပြည်အတွင်းမှ ရန်ကုန်နှင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာရန် သွားရောက်ခဲ့သည့် အသက် ၂၀ မှ ၃၀ ကြားရှိ ရမ်းဗြဲဒေသခံ လူငယ်အယောက်နှစ်ဆယ်ကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးပြီးနောက် စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက်ကြောင်း DMG က စုံစမ်းသိရှိရသည်။
17 Jul 2025

DMG ၊ ဇူလိုင် ၁၇
ရခိုင်ပြည်အတွင်းမှ ရန်ကုန်နှင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာရန် သွားရောက်ခဲ့သည့် အသက် ၂၀ မှ ၃၀ ကြားရှိ ရမ်းဗြဲဒေသခံ လူငယ်အယောက်နှစ်ဆယ်ကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးပြီးနောက် စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်လိုက်ကြောင်း DMG က စုံစမ်းသိရှိရသည်။
ရမ်းဗြဲမြို့နယ်၊ သလူပြိန်ကျေးရွာနှင့် သင်းပန်းကိုင်းကျေးရွာတို့မှ လူငယ်အယောက်နှစ်ဆယ်မှာ ရန်ကုန်နှင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန်သွားစဉ် အမ်းမြို့နယ်အတွင်းက စစ်ဆေးရေးဂိတ်တစ်ခုတွင် ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
"မလေးရှားထွက်မယ့်သူတွေစုပြီး ရန်ကုန်ကို သွားကြတာကနေ ဂိတ်မှာအဖမ်းခံရတာ။ တချို့လည်း ရန်ကုန်မှာ အလုပ်လုပ်မယ်ဆိုပြီး သွားတာလို့သိရတယ်။ ပွဲစားလည်း အဖမ်းခံရတယ်လို့ပြောတယ်။ စစ်မှုထမ်း ကြေညာချက် ထွက်လာပြီးမှ သွားကြတာဆိုတော့ အေအေကလည်း ပြန်မလွှတ်တော့ဘူး" ဟု ဖမ်းဆီးခံသူများ၏ မိသားစုနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက DMG ကို ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် သလူပြိန်ကျေးရွာမှ မရီရီဝင်း၊ ကိုသိန်းဇော်ထွန်း၊ မပြည့်ပြည့်ချေ၊ ကိုင/မဲအောင်နှင့် ကိုလွင်ကိုအောင် အပါအဝင် ၈ ဦးနှင့် သင်းပန်းကိုင်းကျေးရွာမှ ကိုထက်နိုင်၊ မအေးစန္ဒာ၊ ကိုမိုးဟိန်း၊ ကိုကျော်ရဲနိုင် အပါအဝင်(အမည်စုံစမ်းဆဲ) ၁၂ ဦးတို့ ပါဝင်သည်။ ယင်းလူငယ်များနှင့်အတူ ပွဲစားဖြစ်သူ ဦးမောင်သိန်းရွှေလည်း ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများအား စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားသည့်အကြောင်းကို အာရက္ခတပ်တော် နယ်မြေတာဝန်ရှိသူများမှ မိသားစုထံသို့ ဇွန်လအတွင်းက အကြောင်းကြားခဲ့ကြောင်း သိရသည်။ သလူပြိန်ကျေးရွာမှ မပြည့်ပြည့်ချေမှာ ကျန်းမာရေးမကောင်းသဖြင့် စစ်သင်တန်းမှ ကျေးရွာသို့ပြန်ပို့ခဲ့ကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်း ပို့ဆောင်ခံရသူများထဲမှ မိသားစုဝင် နောက်ထပ်အမျိုးသားတစ်ဦးက "ဖမ်းပြီး စစ်မှုထမ်းသင်တန်း တက်ခိုင်းရင်လည်း ၄၅ ရက် သင်တန်းပြီးရင် ပြန်ပို့၊ မပို့ကို အကြောင်းကြားစေချင်တယ်" ဟု ပြောသည်။
ရခိုင်ပြည်အတွင်းရှိ မြို့နယ်ပေါင်း ၁၄ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်က အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (NDEP) ကို မတ်လ ၁၈ ရက်နေ့တွင် ပြဌာန်းခဲ့သည်။
အဆိုပါပြဌာန်းချက်အရ စစ်မှုထမ်းအကျုံးဝင်သူများ ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာခွင့်ကို တားမြစ်ကြောင်းနှင့် ထိုသို့ ထွက်ခွာလိုသူများအား အခကြေးငွေယူကာ ပို့ဆောင်ပေးသူများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA)က မေလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အာရက္ခတပ်တော်၏ စစ်မှုထမ်းအကျုံးဝင်သူများမှာ အမျိုးသမီး (အသက် ၁၈ နှစ်မှ ၂၅ နှစ်) နှင့် အမျိုးသား (အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား)ရှိသူများဖြစ်ကြပြီး အခြေခံစစ်ပညာသင်တန်း ၄၅ ရက် တက်ရောက်ကာ အာရက္ခပြည်သူ့အစိုးရထံတွင် ၂ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာရန် သွားရောက်သူများကို ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းသို့ ချက်ချင်းပို့ဆောင်သည့်အပေါ် လက်မခံနိုင်သည့် ဒေသခံများလည်းရှိနေသည်။
"ပြဌာန်းချက်ထုတ်ထားလို့ တွေ့တာနဲ့ဖမ်းပြီး စစ်မှုထမ်းခိုင်းတာထက် သတိပေးတာဖြစ်ဖြစ်လုပ်ပြီး သူတို့ စိတ်ပြင်ဆင်ချိန်ရအောင် အချိန်တစ်ခုတော့ ပေးသင့်တယ်လို့မြင်တယ်။ ဒီလိုလုပ်နေရင် တပ်တော်ကို ယုံကြည်အားကိုးထားတဲ့ ပြည်သူဘက်ကလည်း ထောက်ခံမှုအား လျော့နိုင်တယ်လို့မြင်တယ်" ဟု ရမ်းဗြဲဒေသခံ လူငယ်တစ်ဦးက ရှုမြင်သည်။
လက်ရှိ ရခိုင်ပြည်အတွင်းတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ဝင်ငွေနည်းပါးခြင်း၊ စားဝတ်နေရေး ကျပ်တည်းလာခြင်းတို့ကြောင့် လူငယ်အများစုမှာ ပြည်မနှင့် ပြည်ပနိုင်ငံများသို တောလမ်းခရီးများမှာတစ်ဆင့် ခက်ခဲစွာထွက်ခွာရန် ကြိုးပမ်းလာကြသည်။
ရခိုင်ပြည်ပြင်ပသို့ ထွက်ခွာသည့် လူငယ်များကို အာရက္ခတပ်တော်က ဖမ်းမိပါက စစ်မှုထမ်းသင်တန်း ပို့ဆောင်နေသလို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရပါကလည်း စစ်မှုထမ်း ပိုဆောင်ခံရခြင်း၊ ငွေညှစ်ခံရခြင်းများ ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရန်ကုန်သို့သွားသည့် တောင်ကုတ်ဒေသခံ ၅၀ ဦးကို ပဲခူးတိုင်း၊ ပြည်မြို့အဝင်ရှိ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးကာ အချို့ကို စစ်မှုထမ်းသင်တန်း ပို့ဆောင်ခဲ့ပြီး အချို့ကို ငွေအမြောက်အများတောင်းကာ ပြန်လွှတ်ပေးခဲ့သည်။