- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
မောင်တောတွင် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီး
စက်တင်ဘာ ၂၉ ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့မှုကြောင့် မောင်တောမြို့ အမှတ် (၂) ရပ်ကွက်၊ မြို့မကညင်တန်း၊ ဝီမလ၊ ငါးခူရ (မွတ်ဆလင်) ရွာနှင့် ရွှေဇားရွာတို့တွင် နေအိမ် ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။
30 Sep 2024
DMG ၊ စက်တင်ဘာ ၃၀
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ရာနဲ့ချီ ပျက်စီးသွားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာ ၂၉ ရက်တွင် Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချခဲ့မှုကြောင့် မောင်တောမြို့ အမှတ် (၂) ရပ်ကွက်၊ မြို့မကညင်တန်း၊ ဝီမလ၊ ငါးခူရ (မွတ်ဆလင်) ရွာနှင့် ရွှေဇားရွာတို့တွင် နေအိမ် ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။
“Y-12 နဲ့လာပြီးတော့ တစ်မနက်လုံး ဗုံးလာကြဲတာ။ မြို့ပေါ်က ရပ်ကွက်တချို့မှာကျပြီး မီးလောင်တာတွေ ရှိတယ်။ ခန့်မှန်းရသလောက်တော့ နေအိမ်တစ်ရာလောက် ရှိနိုင်တယ်။ အိမ်အရေအတွက်ကို အတိအကျမသိရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မောင်တောမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ဖြစ်သည့် နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။
နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်မည်ဟု စက်တင်ဘာ ၂၇ ရက်တွင် AA ကြေညာပြီးနောက် စစ်ကောင်စီကလည်း လေကြောင်းမှတစ်ဆင့် အပြင်းအထန် တိုက်ခိုက်နေသည်။ လက်ရှိတွင် နခခ (၅) ကို AA က အပြီးသတ် သိမ်းပိုက်ထားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။
မြေပြင်သတင်းရင်းမြစ် နောက်တစ်ဦးက “မနေ့ကတည်းက နခခ(၅) ကို AA က သိမ်းလို့ရထားပြီ။ အဲဒါကြောင့် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလာတာ။ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို AA က လိုက်လံရှင်းလင်းနေတာရှိတယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အတိအကျကို သိရှိနိုင်ရန် AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်ထားဆဲ ဖြစ်သည်။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်ကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်သွားမည်ဟု AA က ကြေညာထားသည်။