- အပ်စတိန်းသတင်းနှင့် ပတ်သက်၍ သမ္မတထရမ့်က ဝေါစထရိဂျာနယ်ကို တရားစွဲပြီး ဒေါ်လာ ၁၀ ဘီလျံ အလျော်တောင်း
- ကျောက်ဖြူတိုက်ပွဲ ဘယ်ခရီးရောက်နေပြီလဲ
- လေးမျက်နှာတွင် စစ်ကောင်စီ အင်အားဖြည့်ပြီးနောက် တိုက်ပွဲပြင်းနေ
- စစ်ကောင်စီလက်ချက်ကြောင့် စစ်တွေတွင် ကျေးရွာ ၁၆ ရွာထက်မနည်း ပျက်စီးနေ
- ရခိုင်တွင် စစ်ရှောင်ကျောင်းသားအချို့ ငွေကြေးမရှိ၍ ပညာမသင်နိုင်ကြ
စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အခြေခံလက်လုပ်လက်စား ဒေသခံအချို့မှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာနေကြောင်း သိရသည်။
14 Jul 2025

DMG ၊ ဇူလိုင် ၁၄
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အခြေခံလက်လုပ်လက်စား ဒေသခံအချို့မှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာနေကြောင်း သိရသည်။
အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတို့ကြောင့် လက်လုပ်လက်စား ဒေသခံများမှာ ထမင်းနပ်မမှန်မှုနှင့် ကြုံတွေ့နေရပြီး အချို့မှာ အဆုံးစီရင်မှုများအထိ ရှိလာနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က စစ်တွေမြို့၊ မင်းဂံရပ်ကွက် (၁၁) မှ မိသားစု ၅ ဦးမှာ ငတ်မွတ်မှုဒဏ်ကို မခံနိုင်တော့၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။
" သူတို့မှာ ထမင်းလုံလောက်အောင်စားဖို့ ဆန်မရှိလို့ ဆန်ပြုတ်သောက်နေကြရတာ ကြာပြီ။ အဲဒီနေ့က သားသမီးတွေ စားမယ့် ဆန်ပြုတ်ထဲမှာ မိဘတွေက အဆိပ်ခတ်လိုက်တာ။ သားသမီးတွေ ဆုံးတော့ သူတို့လင်မယားလည်း ကြိုးဆွဲချလိုက်ကြတယ်" ဟု မင်းဂံရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက DMG သို့ ပြောသည်။
အဆိုပါ မိသားစုမှာ အလုပ်အကိုင်မရှိမှုနှင့်အတူ ဝင်ငွေမရှိသဖြင့် ယခုနှစ် အစောပိုင်းမှ စတင်ကာ ထမင်းနပ်မမှန်မှုနှင့် ကြုံတွေ့လာရပြီးနောက် အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု သိရသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်တွေမြို့ခံများမှာ မြို့ပေါ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ AA ထိန်းချုပ်ရာ ဒေသများနှင့် ပြည်မဘက်သို့ တိမ်းရှောင်နေကြသည်။
သို့သော်လည်း လက်လုပ်လက်စားဒေသခံအများစုမှာ တိမ်းရှောင်ရန် ငွေကြေးမရှိမှုနှင့်အတူ လမ်းခရီးအခက်အခဲများကြောင့် မြို့အတွင်း၌ ကျန်ရှိနေသည်။
၎င်းတို့မှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ စားဝတ်နေရေး ကျပ်တည်းမှုတို့ကို ဆိုးရွားစွာ ကြုံတွေ့လာရသဖြင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်တွေမြို့ရှိ IDP Camp (ဒုက္ခသည်စခန်း) တစ်ခုတွင် မွတ်ဆလင်မိသားစု ၅ ဦးမှာ အစာငတ်မွတ်မှုကြောင့် အဆိပ်သောက် သေဆုံးသွားခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
"သူတို့က ထမင်းစားဖို့ ပိုက်ဆံမရှိလို့ ကန်စွန်းဥ စားပြီး နေကြတာ။ ပထမတော့ ကန်စွန်းဥ တစ်ပိဿာကို ပိုက်ဆံ တစ်ထောင်ရှိတယ်။ နောက်တော့ ကန်စွန်းဥလည်း ဈေးကြီးလာတယ်။ နှစ်ထောင်ဖြစ်သွားတယ်။ အဲဒီနောက် တစ်မိသားစုလုံး အဆိပ်သောက်လိုက်ကြတာ" ဟု စစ်တွေမြို့နယ်ရှိ အမည်မဖော်လိုသည့် မွတ်ဆလင်အမျိုးသမီးတစ်ဦးက DMG သို့ ပြောသည်။
IDP Camp မှ မိသားစု ၅ ဦး အဆိပ်သောက်သေဆုံးမှုနှင့် ပတ်သက်ပြီး DMG အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ယခင်က ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ ထောက်ပံ့မှုဖြင့် မွတ်ဆလင်ဒုက္ခသည် အများစုမှာ စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသည်။
သို့သော်လည်း ဧပြီလမှ စတင်ကာ WFP က ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ချိန်မှစ၍ မွတ်ဆလင် ဒုက္ခသည်များမှာ ထမင်းနပ်မမှန်သည့် နေ့တွင် ကန်စွန်းဥဝယ်စားကာ ဝမ်းရေးကို ဖြေရှင်းနေကြရသည်ဟု ပြောဆိုကြသည်။
ယင်းအပြင် စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကြောင့် ဒေသခံများမှာ အဆုံးစီရင်ခြင်းများ ရှိလာနေခြင်းကို စစ်ကောင်စီက သတင်းမပေါက်ကြားအောင် လုပ်ဆောင်နေသည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
"သူတို့ (မင်းဂံက မိသားစု ၅ ဦး) ဆုံးသွားတာကို စစ်ကောင်စီက သိသွားတော့ ရပ်ကွက်ကို လာပြီး အလောင်းတွေကို ချက်ချင်းယူပြီး မီးသင်္ဂြိုလ်လိုက်တယ်။ သတင်းမပေါက်ကြားအောင် ချက်ချက် ဖုံးလိုက်တာ" ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့တွင် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပြတ်တောက်ထားပြီး ဖုန်းလိုင်း နေရာကွက်ကျားသာရရှိသဖြင့် မြို့တွင်း အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ခက်ခဲနေသည်။
တစ်ဖက်တွင် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် စစ်တွေမြို့မှ ဒေသခံများမှာ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသဖြင့် တောင်းရမ်းစားသောက်မှုလည်း များပြားလာနေကြောင်း ပြောဆိုကြသည်။
"အသိတွေလည်း မဟုတ်ဘဲ အိမ်ထဲကို ဝင်လာပြီး ဆန် တစ်ပြည်လောက် ပေးပါဆိုပြီး လာတောင်းကြတာတွေ နေ့တိုင်းရှိတယ်။ လူငယ်၊ လူလတ်အကုန် အဲဒီလို တောင်းစားနေကြတယ်" ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တွေမြို့တွင် ပိတ်မိနေကြသည့် ဒေသခံများမှာ အချိန်ကြာမြင့်လာသည့်အမျှ အလုပ်အကိုင်မရှိမှု၊ စားဝတ်နေရေး၊ ငွေကြေးကျပ်တည်းမှုနှင့် အငတ်ဘေးဆိုက်မှုတို့ကို ဆိုးရွားစွာကြုံတွေ့ လာရနိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီဘက်က စစ်တွေမြို့ကို ပိတ်ဆို့ကာ လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း သိရသည်။