- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
လေးမြို့မြစ်နှင့် ကုလားတန်မြစ်မှ သဲ စုပ်ယူနေမှုကို တင်းကြပ်ရန် လိုအပ်နေ
တိုက်ပွဲကာလအတွင်း ရပ်နားထားခဲ့ရသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ပတ်လာသည်နှင့်အမျှ သဲများမှာလည်း ဈေးမြင့်တက်လာပြီး သဲစုပ်ယူများကို ပိုမိုလုပ်ကိုင်လာကြသည်။
30 Nov 2024
DMG ၊ နိုဝင်ဘာ ၃၀
ရခိုင်ပြည်အတွင်း လေးမြို့မြစ်နှင့် ကုလားတန်မြစ်တို့မှ စက်ယန္တရားများဖြင့် သဲစုပ်ယူနေမှုများ ရှိနေခြင်းကို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် တင်းကြပ်ပေးရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ကျောက်တော်မြို့၊ သင်္ဘောဆိပ်အနီးတွင် ကုလားတန်မြစ်မှ သဲများကို စက်ယန္တရားများဖြင့် စုပ်ယူခြင်းများ ရှိနေပြီး တစ်ကြိမ်စုပ်ယူလျှင် သဲကျင်းပေါင်း ၃၀ ကျော် စုပ်ယူရရှိကြောင်း စုံစမ်းသိရှိရသည်။
“ကျောက်တော်ဆိပ်ကမ်းနဲ့ တံတားအောက်အနီးတို့မှာ အခုရက်ပိုင်း သဲစုပ်တဲ့ လှေကြီးတွေ နေ့တိုင်းနီးပါး တွေ့ရတယ်။ ပြီးတော့ ကမ်းထက်ကို ၆ လက်မ ပိုက်ကြီးတွေနဲ့ တင်ရောင်းတယ်။ အထူးသဖြင့် ရေနက်ပိုင်းတွေမှာ ပိုများတယ်” ဟု ကျောက်တော်မြိုခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်တွင်လည်း နိုဝင်ဘာအစောပိုင်းမှစ၍ သဲစုပ်ယူနေသည့် ကုန်တင်စက်လှေများကို နေ့စဉ်တွေ့မြင်လာရကြောင်း ဒေသခံများက ပြောကြသည်။
လေးမြို့မြစ်နှင့် ကုလားတန်မြစ်မှ သဲများကို စက်ယန္တရားများဖြင့် စုပ်ယူနေခြင်းကြောင့် မြစ်ကမ်းပါး ပြိုကျပျက်စီးခြင်းများ ပိုဆိုးလာကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြသည်။
“မြစ်ထဲက သဲစုပ်တယ်ဆိုတာက မြစ်ထဲမှာ သောင်တွေပေါ်နေလို့ သင်္ဘောတွေ သွားမရဘူးဆိုရင်တော့ လုပ်လို့ရပါတယ်။ အခုက ရေနက်ပိုင်းတွေကပဲ စုပ်နေတာ။ ပြီးတော့ ကမ်းထိန်းနံရံတွေလည်း ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ မရှိတဲ့အတွက် ကမ်းပါးပြိုကျတဲ့ အန္တရာယ်နဲ့တော့ ရင်ဆိုင်ရနိုင်တယ်။ တကယ်လည်း နှစ်တိုင်းရင်ဆိုင်ကြရတာပါပဲ” ဟု သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကိုမြင့်အောင်က ပြောသည်။
မြစ်အောက်ခြေမှ သဲစုပ်ယူခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သောကြောင့် ULA အစိုးရအနေဖြင့် အကန့်အသတ်ဖြင့်သာ ခွင့်ပြုသင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
တိုက်ပွဲကာလအတွင်း ရပ်နားထားခဲ့ရသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်ပတ်လာသည်နှင့်အမျှ သဲများမှာလည်း ဈေးမြင့်တက်လာပြီး သဲစုပ်ယူများကို ပိုမိုလုပ်ကိုင်လာကြခြင်းဖြစ်သည်။
“ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာတော့ သဲရောင်းရတာ နည်းနည်းအဆင်ပြေလာတယ်။ သဲစုပ်တဲ့သူတွေလည်း ပြန်လုပ်လာကြတာတယ်။ အရင်နှစ်ကထက်တော့ ဈေးတက်သွားတာပေါ့” ဟု ကျောက်တော်မြို့နယ်မှ သဲရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးအောင်ကျော်လှက ပြောသည်။
လက်ရှိတွင် သဲကျင်း ၃၀ ခန့် သယ်ဆောင်နိုင်သည့် ကုန်တင်စက်လှေတစ်စီးကို ငွေကျပ် ၁၂ သိန်းခန့် ပေးဝယ်ရပြီး သဲတစ်ကျင်းလျှင် ငွေကျပ် ၄၅,၀၀၀ နှုန်းရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် ယိုယင်းပျက်စီးလာမှုကြောင့် ရခိုင်တွင် မိုးရာသီကာလ ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းများ ပိုမိုဖြစ်ပေါ်လာပြီး ပြီးခဲ့သည့်မိုးရာသီကလည်း လေးမြို့မြစ်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်။
“မိုးရာသီရောက်ပြီဆိုရင် ရေဘေးခံရမလား၊ ကမ်းပါးပြိုကျပြီးပဲ အိမ်တွေပါသွားမလား အမြဲ တွေးပူရတယ်။ ကမ်းပါးတွေပြိုလွန်းလို့ ရွာတောင် တောင်ပေါ်ရောက်တော့မယ်။ မြစ်မှာလည်း သောင်တွေပေါ်ပြီး လှေကြီးတွေတောင် သွားလို့မရတဲ့ အနေအထားဖြစ်သွားပြီ” ဟု မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသခံ ဒေါ်နုနုစိန်က ပြောသည်။
သဘာဝဘေးအန္တရာယ်ကို နှစ်စဉ်နှစ်တိုင်းခံနေရသည့် ရခိုင်ဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား ဒေသတွင်းအဖွဲ့အစည်းများ၊ အာဏာပိုင်များအပြင် တစ်ဦးချင်းအလိုက် အလေးထား ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။