စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်နိုင်ငံရေးပါတီများ သဘောထား ဘယ်လိုရှိလဲ

ရခိုင်ပြည်အတွင်းရှိ နိုင်ငံရေးပါတီများထဲမှ စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲကို ဝင်မပြိုင်ဟု ဆုံးဖြတ် ထားသည့် ပါတီများရှိသလို ဝင်ပြိုင်ကြမည့် ပါတီများလည်းရှိနေသည်။

By Admin 22 Jan 2023

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်နိုင်ငံရေးပါတီများ သဘောထား ဘယ်လိုရှိလဲ

၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသည့် အမျိုးသမီးတစ်ဦး။

DMG ၊ ဇန်နဝါရီ ၂၂

၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟုဆိုကာ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို အာဏာလွှဲမည်ဟု ပြောဆိုလာသည်။

တိုင်းပြည်အာဏာကို သိမ်းထားသည့် စစ်ကောင်စီ၏ အရေးပေါ်ကာလသက်တမ်း ၂ နှစ်မှာလည်း လာမည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတွက် လူဦးရေစာရင်းများကို ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကောက်ယူနေသည်။

ရခိုင်ပြည်အတွင်းရှိ နိုင်ငံရေးပါတီများထဲမှ စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲကို ဝင်မပြိုင်ဟု ဆုံးဖြတ် ထားသည့် ပါတီများရှိသလို ဝင်ပြိုင်ကြမည့် ပါတီများလည်းရှိနေသည်။ ယင်းအပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စောင့်ကြည့်နေဆဲ ပါတီများလည်း ရှိနေသည်။

ရခိုင်ပြည်တွင် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ်ပါတီ (ALD)တို့သည် အဓိကအင်အားကြီး ပါတီများဖြစ်ကြသည်။ ယင်းပါတီထဲများမှ ALD ပါတီမှာ အာဏာရှင်စနစ်ကို မလိုလားသည့်အတွက် စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်မဟုတ်ဟု ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။

“အခုဖြစ်လာမယ့် အတုအယောင် ရွေးကောက်ပွဲကို ကျနော်တို့ကတော့ လုံးဝလက်မခံဘူး။ လက်မခံတဲ့အပြင် ဒီရွေးကောက်ပွဲမှာ ကျနော်တို့ ဝင်ရောက်မယှဉ်ပြိုင်သလို ဒီရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုသင့်ဘူးလို့ ယူဆတယ်။ ကျနော်တို့တွေဟာ ဒီအာဏာရှင်စနစ်ကို မကြိုက်ဘူး။ သူတို့ကတော့ စစ်အာဏာရှင်သက်တမ်းကို ဆွဲဆန့်လို့ရအောင် အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးပြီးတော့ အာဏာဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးစားတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲဝင်မပြိုင်ပါက ပါတီဖျက်သိမ်းခံရပြီး တရားမဝင်ပါတီတစ်ခု ဖြစ်သွားနိုင်သော်လည်း ALD ပါတီအနေဖြင့် ပျက်သွားမည်မဟုတ်ကြောင်း ဦးမျိုးကျော်က ပြောသည်။

ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့် ပါတီမဖျက်သိမ်းရေးနှင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် ရွေးကောက်ပွဲဝင်ပြိုင်သွားမည်ဟု ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း မဲအများဆုံးအနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)သည် စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် ရှိ/မရှိ တိကျစွာပြောဆိုခြင်း မရှိသေးပေ။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုအချိန်ထိ ပါတီတွင်း တစ်စုံတစ်ရာဆွေးနွေးမှုမရှိသေးဟု ANP ပါတီဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“ပါတီမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဆွေးနွေးဆုံးဖြတ်ထားတာ မရှိသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကလည်း တစ်စုံတစ်ရာ ညွှန်ကြားလာတာမရှိသေးဘူး။ အဲဒါကြောင့် ပါတီမှာလည်း ဆွေးနွေးဆုံးဖြတ်ထားတဲ့ အခင်းအကျင်းလည်း မရှိသေးဘူး”ဟု ဦးသာထွန်းလှကဆိုသည်။

ရခိုင်မျိုးနွယ်စုဝင်များ၏ နိုင်ငံရေးပါတီများမှာလည်း စစ်ကောင်စီမှကျင်းပလာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စောင့်ကြည့်နေသည့်အနေအထားတွင်ရှိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်/မပြိုင်ကို မဆုံးဖြတ်ရသေးကြောင်း အဆိုပါ မျိုးနွယ်စုပါတီများထံမှ သိရသည်။

ပြည်တွင်းရှိ ပါတီကြီးများမှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပါက မိမိတို့ပါတီမှာလည်း ဝင်ပြိုင်သွားမည်ဟု မြိုတိုင်းရင်းသားပါတီ ဥက္ကဌ ဦးအေးထွန်းကပြောသည်။

“ကျနော်တို့ပါတီက ပါတီငယ်ဖြစ်တော့ မိမိတို့ ရခိုင်ပြည်ထဲမှာရှိတဲ့ ပါတီကြီးတွေရဲ့ ခြေလှမ်းကို ကြည့်ရမှာပေါ့။ တကယ်လို့ အဲဒီပါတီကြီးတွေသာ ရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးဆိုရင် ကျနော်တို့ပါတီအနေနဲ့လည်း ဝင်ပြိုင်ဖို့ မဖြစ်ဘူးပေါ့နော်။ အဲဒီပါတီကြီးတွေဖြစ်တဲ့ AFP၊  ANP၊ ကြံ့ခိုင်ရေးပါတီတွေသာ ပြိုင်တယ်ဆိုရင် ကျနော်တို့ ပါတီတွေကလည်း ဝင်ကိုဝင်မယ်ပေါ့နော်”ဟု ၎င်းကဆိုသည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး(၂) ဦးသန်းဌေးကလည်း “ကျနော်တို့ ရခိုင်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုအနေအထားကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အပစ်အခတ်တွေလည်း ရပ်စဲထားတယ်။ ANP ကလည်း ဝင်ပြိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့လည်း မပြိုင်စရာ အကြောင်းမရှိဘူး။ ခုနကပြောသလို ကျနော်တို့ပါတီက မျိုးနွယ်စုဝင်ပါတီတစ်ခုပဲဖြစ်တယ်ဆိုတော့ ပြည်ထောင်စုကို လွှမ်းခြုံပြီး စဉ်းစားနိုင်လောက်တဲ့ ပါတီမဟုတ်ဘူး။ ဒေသတွင်းအခြေအနေကို ကြည့်ပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(Frirst Past the Post–FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသည်။ သို့သော် မည်သည့်(PR)စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည်ဆိုသည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲတို့တွင် အနိုင်ရအကုန်ယူစနစ် (FPTP)စနစ်ဖြင့် ကျင်းပခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် အခြေခံဖွဲ့စည်းပုံအရ အသာစီးရယူထားသည့် (၂၅) ရာခိုင်နှုန်းသာမက ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်းနှင့်အတူ အစိုးရနှင့်လွှတ်တော်ကို တပြိုင်တည်း အာဏာရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေမရှိကြောင်း သုံးသပ်မှုများလည်းရှိနေပြီး ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပလာပါက တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

#E003

ဗီဒီယိုများ