လူမှု၊ စီးပွား၊ ဘဝအဆင်မပြေသည့်အတွက် ရခိုင်မှာ အမျိုးသားသာမက အမျိုးသမီးများပါ ပြည်ပထွက်ခွာမှု ပိုများလာ

ဒေသတည်ငြိမ်မှုမရှိခြင်း၊ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးကျပ်တည်းမှုများနှင့် စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံများသို့ ယခင်နှစ်များထက် ပို၍ ထွက်ခွာမှုများလာခြင်းဖြစ်သည်။ 

By Admin 08 Jan 2023

လူမှု၊ စီးပွား၊ ဘဝအဆင်မပြေသည့်အတွက် ရခိုင်မှာ အမျိုးသားသာမက အမျိုးသမီးများပါ ပြည်ပထွက်ခွာမှု ပိုများလာ

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ)တွင် ပြည်ပထွက်ခွာရန် လာရောက် လျှောက်ထားသူများကို တွေ့ရစဉ်။

DMG၊ ဇန်နဝါရီ ၈

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လမ်းခရီးကြန့်ကြာမှု၊ အလုပ်ကိုင်အခွင့်လမ်း နည်းပါးမှုများ ကြုံတွေ့လာနေရမှုများကြောင့် ရခိုင်တွင် အမျိုးသားများ သာမကဘဲ အမျိုးသမီးများပါ ပြည်ပထွက်ခွာမှု ပိုများလာနေကြောင်း ရခိုင်က အမျိုးသမီးအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများက ပြောသည်။

ဒေသတည်ငြိမ်မှုမရှိခြင်း၊ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးကျပ်တည်းမှုများနှင့် စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံများသို့ ယခင်နှစ်များထက် ပို၍ ထွက်ခွာမှုများလာခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“Passport ရုံးစာရင်းတွေအရလည်း အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများနေတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် တရားမဝင်လမ်း မပါသေးဘူး။ တရားဝင်လမ်းက အမျိုးသမီးတွေ ဘယ်လောက် အထွက်များနေတယ်၊ နောက် တရားမဝင်လမ်းကဆိုရင် ကားတွေပေါ်မှာ သက်ငယ်မိန်းကလေးတွေ များနေတယ်။ ဆယ်ကျော်သက်ကအစ ၁၄ နှစ် ၁၅ နှစ်ဆို ထွက်ကြပြီ” ဟု ဒေါ်ညိုအေးက ပြောသည်။

ရခိုင်က နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးရှေ့တွင်လည်း အမျိုးသားများထက် အမျိုးသမီးဦးရေ ပိုများသည်ကို တွေ့ရှိနေရကြောင်းလည်း သိရသည်။

“Passport ရုံးရှေ့မှာဆို အမျိုးသမီးတွေ ကြိတ်ကြိတ်တိုးနေကြတယ်။ ကျမတို့ဆီမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင် ရှားပါးတာကြောင့်ဖြစ်တယ်။ ဈေးသည်ဆိုလည်း လမ်းတွေပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုနှေးတယ်။ အဲဒီကြားထဲ ဈေးထွက်ရောင်းရတာ အဆင်မပြေဘူး။ အဲဒါကြောင့် စားဝတ်နေရေးတွေ ခက်ခဲလာရတယ်”ဟု ဒေါ်ညိုအေးက ဆက်လက်ပြောဆိုထားသည်။

ယခင်ကဆိုလျှင် ရခိုင်ပြည်အတွင်း နေထိုင်သူများသည် ရန်ကုန်မြို့၌ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ကြသော်လည်း အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စက်ရုံအချို့ ပိတ်သိမ်းခြင်းများအပြင်  အလုပ်သမားဦးရေ လျော့ချခြင်းများကြောင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများကို ကြုံတွေ့နေရခြင်းဖြစ်သည်။

ထိုကဲ့သို့ အထည်ချုပ်စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခြင်း၊ အလုပ်သမားဦးရေလျော့ချခြင်း စသည့် အခြေအနေများကြောင့် အမျိုးသမီးများမှာ အလုပ်လက်မဲ့ ပိုများလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အမျိုးသမီးတွေအနေနဲ့က အလုပ်လက်မဲ့တွေများတယ်။ ဒီအနေအထားမှာ ၂၀၂၂ မှာဆိုရင် ကုန်ဈေးနှုန်းတွေ အဆမတန်တိုးမြင့်လာတာရှိတယ်။ မိသားစုတစ်ခုရဲ့ စားဝတ်နေရေးအခြေနေတွေ စီးပွားရေးအခက်အခဲ အကျပ်အတည်းတွေကြောင့် ပိုပြီးရင်ဆိုင်လာရတဲ့ အခြေနေမှာရှိတယ်။ ဒီအနေအထားတွေကြောင့်ပဲ အမျိုးသမီးတွေက ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီးတော့ အလုပ်သွားလုပ်ဖို့အတွက် ဆုံးဖြတ်ကြတာဖြစ်နိုင်တယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက DMG သို့ ပြောသည်။

ရခိုင်မှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံကူးလက်မှတ်အုပ်ရေ နှစ်သောင်းသုံးထောင်ကျော် ထုတ်ပေးခဲ့ရပြီး  ယခင်နှစ်များကထက် နိုင်ငံကူးလက်မှတ်အုပ်ရေ ပိုထုတ်ပေးခဲ့ရသည်ဟု ရခိုင်က ပြည်ပထွက်ခွာရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောသည်။

ထုတ်ပေးခဲ့ရသည့် နိုင်ငံကူးလက်မှတ်အုပ်ရေ နှစ်သောင်းကျော်ထဲတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုများနေပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားသူများလည်းရှိကာ နိုင်ငံကူးလက်မှတ် ကြိုတင်ထုတ်ယူထားသူများလည်း ရှိနေကြောင်း သိရသည်။  

ရခိုင်ပြည်အတွင်းက ဒေသခံများသည် မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိက သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ပြည်ပသို့ ထွက်ခွာရာတွင် တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်းမှ သွားရောက်ခြင်းက ပိုများနေကြောင်း ပြည်ပထွက်ခွာ အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

#R005

ဗီဒီယိုများ