- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
စစ်တွေမြို့ သန့်ရှင်းရေးအတွက် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် စတင်
စစ်တွေမြို့တွင်းရပ်ကွက်များရှိ လမ်းဆုံလမ်းထောင့်များ၌ အမှိုက်ပုံများရှိနေပြီး အဆိုပါအမှိုက်ပုံမှထွက်ရှိသည့် အနံ့ဆိုးများကြောင့် လမ်းသွားလမ်းလာပြည်သူများမှာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
17 Feb 2023

DMG ၊ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့သန့်ရှင်းရေးကို အထောက်အကူပြုစေရန်အတွက် ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို တက်လမ်းကုမ္ပဏီမှ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့အတွင်းရှိ ပြည်တော်သာ၊ ကျေးပင်ကြီး၊ မောလိပ်၊ အိုးတန်း၊ မိဇံ၊ ရူပတောင်၊ ရူပမြောက်၊ ကျောင်းတက်လမ်း၊ ဘောက်သီးစု၊ မြို့သူကြီး စသည့်ရပ်ကွက် ၁၀ ခုတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။
တက်လမ်းအမှိုက်သိမ်းဝန်ဆောင်မှုမှ တာဝန်ရှိသူ ကိုအောင်ဇော်ဝင်းက “အဓိကတော့ ကိုယ့်မြို့ကို တစ်စိတ်တစ်နေရာကနေ သန့်ရှင်းစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လုပ်ဆောင်တာပါ။ မြို့ပေါ်မှာရှိတဲ့ အမှိုက်ပုံတွေ ပျောက်ကင်းစေချင်တယ်။ ပြည်သူတွေအနေနဲ့လည်း အမှိုက်သရိုက် အနံ့ဆိုးတွေကို မခံစေချင်ဘူး။ ပြည်သူတွေအနေနဲ့ အမှိုက်ပုံကိုသွားပြီးပစ်ဖို့အတွက် အချိန်တစ်ခုပေးစရာမလိုအောင် အိမ်ရှေ့မှာထားထားရင် ရပါပြီ။ အဲဒါတွေကြောင့် ဒီပုဂ္ဂလိက အမှိုက်သိမ်းစနစ်ကို လုပ်ဆောင်ဖြစ်သွားတာပါ” ဟု ပြောသည်။
ပုဂ္ဂလိကအမှိုက်သိမ်းဝန်ဆောင်မှုကို တစ်ပတ်လျှင် ၃ ရက်စီ ရပ်ကွက်အလိုက် အလှည့်ကျဖြင့် သိမ်းဆည်းသွားမည် ဖြစ်သည်။ အမှိုက်သိမ်းဝန်ဆောင်ခအဖြစ် တစ်လလျှင် တစ်အိမ်ကို ၃,၀၀၀ ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများမှအမှိုက်များကို အိတ်အရွယ်အစားအလိုက် ညှိနှိုင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“အမှိုက်တွေကို ကျနော်တို့ရဲ့ အမှိုက်သိမ်းကားမှာပဲ မဖြစ်မနေ ထည့်ရမှာမဟုတ်ပဘူး။ ကျနော်တို့ရဲ့ဝန်ဆောင်မှုကို စိတ်ဝင်စားမှ၊ နှစ်သက်မှ စာရင်းတွေကောက်ယူပြီး ဆောင်ရွက်သွားမှာပါ။ ကိုယ့်ဘာသာကို အမှိုက်သွားပစ်မယ်ဆိုရင်လည်း ရပါတယ်။ ကျနော်တို့ဆီမှာ စာရင်းသွင်းထားတဲ့အိမ်ဆိုရင် အမှိုက်တွေကို အိမ်ရှေ့မှာစုထားရင် ရပါပြီ” ဟု ကိုအောင်ဇော်ဝင်းက ဆက်ပြောသည်။
ယခုကဲ့သို့ စစ်တွေမြို့တွင် ပုဂ္ဂလိကအမှိုက်သိမ်းစနစ် ဆောင်ရွက်လာမှုမှာ မြို့တော်သန့်ရှင်းရေးအတွက် ထိရောက်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် လက်ခံကြောင်း မြို့ခံတချို့က ပြောဆိုကြသည်။
မိဇံရပ်ကွက်တွင်နေထိုင်သူ မယုဇနအောင်က “မိဇံဘက်တွေမှာဆိုရင် အမှိုက်တွေကို အရင် မြစ်ကမ်းနားမှာ စွန့်ပစ်ကြတယ်။ အဲဒါက ပင်လယ်နေသတ္တဝါတွေအတွက် ထိခိုက်ရာရောက်တယ်။ အခုနောက်ပိုင်းမှာတော့ ကိုရီးယား(BXT)ဆိပ်ကမ်းမှာ အမှိုက်ပုံးတွေထားပြီး အမှိုက်စွန့်ပစ်လာကြတယ်။ ဒါပေမယ့် အခြားရပ်ကွက်တွေကလည်း လာပြီးစွန့်ပစ်ကြတော့ အမှိုက်တွေက ပြန့်ကြဲနေတယ်။ ဒါက အပန်းဖြေနေရာဆိုတော့ ကြည့်လိုလည်း မကောင်းဘူး။ အနံ့လည်းမကောင်းဘူးပေါ့။ အခုလိုမျိုး အမှိုက်သိမ်းစနစ်လုပ်ဆောင်တာဟာ မြို့အတွက် ကောင်းတဲ့အစီအစဉ်လေး တစ်ခုပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက စစ်တွေမြို့တွင်းမှ အမှိုက်များကို စနစ်တကျ ထုတ်ပိုးပြီး ညနေ ၅ နာရီမှ ၉ နာရီအတွင်းသာ စွန့်ပစ်ရန်၊ အမှိုက်များကို အမှိုက်ပုံးများ၌ စနစ်တကျစွန့်ပစ်ရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆိုင်းဘုတ်များပါ ဖျက်ဆီးခံမှုများရှိခဲ့သည်။
စစ်တွေမြို့တွင်းရပ်ကွက်များရှိ လမ်းဆုံလမ်းထောင့်များ၌ အမှိုက်ပုံများရှိနေပြီး အဆိုပါအမှိုက်ပုံမှထွက်ရှိသည့် အနံ့ဆိုးများကြောင့် လမ်းသွားလမ်းလာပြည်သူများမှာ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
လက်ရှိမှာ စစ်တွေမြို့နယ်စည်ပင်မှ တစ်ရက်လျှင် အမှိုက်သိမ်းယာဉ် ၁၅ စီးဖြင့် မြို့အတွင်း အကြိမ်ရေ ၃၅ ကြိမ်ထိ သွားလာကာ သန့်ရှင်းရေးလုပ်ငန်း လုပ်ကိုင်နေသော်လည်း အမှိုက်များကို စနစ်တကျသိမ်းဆည်းနိုင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။
#I001