သံတွဲ GTI ကျောင်းသားများကဲ့သို့ အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိရန် ရခိုင်မှတက္ကသိုလ်ကျောင်းသားများ လိုလားနေ

ရခိုင်ပြည်၊ သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ) GTI မှ ကျောင်းသား/သူများကို ကျောင်းပိတ်ရက်အတွင်း အပိုဝင်ငွေရရှိစေရန်နှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် သံတွဲရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

By Admin 28 Dec 2022

သံတွဲ GTI ကျောင်းသားများကဲ့သို့ အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိရန် ရခိုင်မှတက္ကသိုလ်ကျောင်းသားများ လိုလားနေ

သံတွဲမြို့တွင် အချိန်ပိုင်းအလုပ်လုပ်ကိုင်နေသည့် GTI ကျောင်းသား/သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဦးသိန်းရွှေ

DMG | ဒီဇင်ဘာ ၂၈

ရခိုင်ပြည်၊ သံတွဲမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သံတွဲ) GTI မှ ကျောင်းသား/သူများကို ကျောင်းပိတ်ရက်အတွင်း အပိုဝင်ငွေရရှိစေရန်နှင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် သံတွဲရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ အလုပ်အကိုင်အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

GTI ကျောင်းသား/သူများကို စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် တစ်ဘက်တစ်လမ်းမှ ဝင်ငွေရစေရန် သံတွဲမြို့ရှိ စက်သုံးဆီဆိုင် (၄) ဆိုင်နှင့် ငပလီမြို့မှ စားသောက်ဆိုင်အချို့တွင် အချိန်ပိုင်းအလုပ် ခန့်အပ်ပေးထားခြင်းဖြစ်သည်ဟု သံတွဲမြို့မှ စက်သုံးဆီလုပ်ငန်းရှင် ဦးသိန်းရွှေက ပြောသည်။

“မြန်မာနိုင်ငံက ဆင်းရဲတယ်လေ။ ဆိုတော့ မိဘတွေက သားသမီးတွေကို ဆယ်တန်းအောင်၊ ဘွဲ့ရတဲ့အထိ စာသင်ပေးကြတာ။ သားသမီးတွေအနေနဲ့လည်း မိဘကို အားကိုးဖို့မလိုရအောင် တစ်ဖက်တစ်လမ်းက ဝင်ငွေလေးနဲ့ ရပ်တည်နေနိုင်အောင် စီစဉ်ပေးထားတာပါ။ ကလေးတွေအတွက်လည်း ကျောင်းပိတ်ရက်တွေမှာ အလဟဿမဖြစ်ရအောင် သူတို့အလုပ်အတွေ့ကြုံလည်းရှိသွားအောင်ဆိုပြီး စဉ်းစားမိတာပါ။ အခုလိုမျိုး ကလေးတွေအတွက် အခွင့်အလမ်းတွေရှိလာအောင် နောက်ထပ်လည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ရခိုင်မှ လုပ်ငန်းရှင်များနှင့် နိုင်ငံတော်မှ ကျောင်းသား/သူများအတွက် အချိန်ပိုင်းအလုပ်များ စီမံ ဆောင်ရွက်ပေးလျှင် မျိုးဆက်သစ်လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ပို၍ကောင်းမွန်လာမည်ဖြစ်ကြောင်း ဦးသိန်းရွှေက ပြောသည်။

လက်ရှိ အချိန်ပိုင်းအလုပ်လုပ်နေသည့် GTI ကျောင်းသား/သူ ၁၀၀ ခန့်ရှိပြီး ယင်းအထဲတွင် ကျောင်းသား (၆၀) ခန့်နှင့် ကျောင်းသူ (၄၀)ခန့် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အဆိုပါကျောင်းသား/သူတို့၏ တစ်နေ့လုပ်အား စရိတ်မှာ ငွေကျပ် ၆၀၀၀ မှ ၈၀၀၀ အထိ ရရှိကြောင်း အဆိုပါကျောင်းသားများထံမှ သိရသည်။

ထိုသို့ အလုပ်အကိုင်များ ဆောင်ရွက်ပေးထားမှုကြောင့် ကျောင်းသား/သူများအနေဖြင့် ဘွဲ့မရမီ အလုပ်ခွင်ထဲတွင် အလုပ်လုပ်နေရသည့်အတွက် လိုအပ်သည့် အတွေ့အကြုံများစွာရရှိပြီး လူမှုပေါင်းသင်းဆက်ဆံရေးလည်း ပြေပြစ်ကြောင်း သံတွဲမှ GTI ကျောင်းသား ကိုအောင်ခေတ်မင်းက ပြောသည်။

“တချို့က အတွေ့အကြုံလိုချင်လို့ လာလုပ်ကြတယ်။ တချို့က တစ်ဖက်တစ်လမ်းက ဝင်ငွေလိုချင်တာကြောင့်ရယ်ပေါ့။ ဒီမှာ ကျနော်တို့ စာရင်းတွေဘာတွေကိုလည်း ကိုင်တွယ်တတ်နေပြီပေါ့။ ဘွဲ့ရရင် အလုပ်အတွေ့ကြုံက ရှိပြီးသားဖြစ်သွားပြီပေါ့” ဟု သူက ပြောသည်။

GTI ကျောင်းသား/သူများ အချိန်ပိုင်းအလုပ်များမှ ဝင်ငွေရရှိစေရန် ၂၀၁၉ ခုနှစ်အတွင်းကနေ စတင်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများ ရပ်နားထားရသည့်အတွက် ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းမှ ပြန်လည်စတင်ကာ ကျောင်းသား/သူများကို အချိန်ပိုင်းအလုပ်များ ဖန်တီး ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ သံတွဲမှ GTI ကျောင်းသား/သူများကဲ့သို့ ကျောင်းပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ခွင့်ရရှိရန် ရခိုင်ပြည်အတွင်းရှိ အခြားသောတက္ကသိုလ်ကျောင်းသားများမှလည်း လိုလားနေကြသည်။

“နေ့သင်တန်း တက်တာက အဝေးသင်တက်တာနဲ့မတူဘူး။ နေ့သင်တန်းက အလုပ်လုပ်ဖို့အချိန်မရှိဘူး။ အဲဒါကြောင့် နေ့သင်တန်းကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်တွေ လိုအပ်ပါတယ်။ ကျမဆိုရင် နယ်က လာတက်တာပေါ့။ အဆောင်စရိတ်တွေ စားစရိတ်တွေ အရမ်းကုန်တယ်။ အဲဒါကြောင့် အချိန်ပိုင်းအလုပ်လေးလုပ်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာချင်ပါတယ်။ ရခိုင်မှာ သံတွဲကလိုမျိုး ပိတ်ရက်မှာ အလုပ်လုပ်လို့ရတာမျိုးရှိရင် အရမ်းကောင်းမယ်” ဟု ကျောက်ဖြူမြို့နယ်မှ စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း တက်နေသည့် မခင်စန္ဒာအေးက ပြောသည်။

Day (နေ့သင်တန်း)ကျောင်းသား/သူများမှာ တစ်နှစ်အတွင်း ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ခွဲ စသဖြင့် နှစ်ဖြတ်ခွဲကာ ကျောင်းတက်ကြရပြီး ထိုသို့တက်ရသည့်အချိန် ရက်သတ္တ တစ်ပတ်တွင် ၅ ရက် တက်ကြရသည်။ ထို့ကြောင့် ကျောင်းပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ကိုင်ချင်ကြောင်း တောင်ကုတ်တက္ကသိုလ်မှ မသင်ဇာဖြိုးက‌ ပြောသည်။

“တစ်ပတ်မှာ ကျောင်းငါးရက်တက်ရတယ်။ ဆိုတော့ ပိတ်ရက်တွေမှာ အလုပ်လုပ်ချင်တယ်။ ဒါပေမယ့် ဒီမှာက အဲဒီလို အချိန်ပိုင်းအလုပ်တွေခေါ်တာ နည်းတယ်။ အဝေးသင်ကျောင်းသားတွေက အလုပ်လုပ်ဖို့ အချိန်ရတယ်ဆိုတော့ အဆင်ပြေတယ်။ နေ့သင်တန်းက အကြာကြီးတက်ရတော့ ကုန်ကျစရိတ်တွေလည်း အရမ်းများတယ်။ အဲဒါကြောင့် ရခိုင်မှာ အချိန်ပိုင်းအလုပ်တွေ ပေါ်လာရင် အရမ်းကောင်းမယ်” ဟု သူက ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုများကြောင့် ရခိုင်ပြည်အတွင်းမှ တက္ကသိုလ်ကျောင်းသား/သူများ၏ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်များမှာလည်း မြင့်တက်လျက်ရှိနေသဖြင့် ကျောင်းသား/များမှာ အခက်ခဲများနှင့်လည်းကြုံတွေ့နေကြရသည်။

ဗီဒီယိုများ