လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ယခုရက်ပိုင်းတွင် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီလေယာဉ်များက နေ့စဉ်ရက်ဆက် လာရောက်ဗုံးကြဲနေ၍ ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။ 

By Admin 08 Jun 2024

လေကြောင်းပစ်ခတ်မှုကြောင့် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

DMG ၊ ဇွန် ၈ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြာညိုအင်းကျေးရွာကို ဇွန်လ ၇ ရက် မွန်းလွဲ ၁ နာရီကျော်အချိန် စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် သုံးကြိမ်တိုင် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အသက် (၁၇) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ 

“ဗုံးက ရွာက လမ်းမှာကျပြီးတော့ လက်နက်ကြီးကျည်စတွေက အိမ်ထဲကို လာကျတယ်။ အဲဒီမှာ ဝမ်းဗိုက်မှာ ကျသွားတာ။ အူတွေ ပွင့်ထွက်သွားတယ်။ ဒဏ်ရာက တအားပြင်းတယ်” ဟု ကြာညိုအင်းကျေးရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၆ ရက်ကလည်း အဆိုပါကျေးရွာအနီး ရှောက်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသောကြောင့် ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်းတွင် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီလေယာဉ်များက နေ့စဉ်ရက်ဆက် လာရောက်ဗုံးကြဲနေ၍ ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်။ 

ကျောက်တော်မြို့ခံတစ်ဦးက “စစ်ကောင်စီလေယာဉ်က အရပ်သားနေရာတွေကို နေ့တိုင်းလိုလို လာပစ်နေတော့ အားလုံးက စိုးရိမ်ကြောက်လန့်နေကြတယ်။ စိတ်မလုံခြုံသလို ခံစားနေရတယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသောစစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြုကာ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အတွက် သေဆုံးဒဏ်ရာရရှိသူများမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းပစ်ခတ်နေမှုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူသင့်ကြောင်း နိုင်ငံရေးအကဲများက ပြောဆိုကြသည်။

စစ်ရေးအခြေအနေများကို သုတေသနပြုနေသည့် ဖယ်ဒရယ်ဂျာနယ်၏ အစီရင်ခံစာအရ ပြီးခဲ့သည့်မေလအတွင်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲ၊ မြေမြှုပ်မိုင်း၊ မတရားသတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၁၁၈) ဦးကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်တွင် (၆၈) ဦးကျော်ဖြင့် သေဆုံးမှုအများဆုံး ဖြစ်သည်။

ကျောက်တော်မြို့ကို AA က ဖေဖော်ဝါရီလ ၇ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မောင်တော၊ သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အသုံးပြုကာ ခုခံတိုက်ခိုက်နေသည်။

ဗီဒီယိုများ