- စစ်တွေတွင် လူငယ် ၄ ဦးကို စစ်ကောင်စီနှင့် ALP တို့ ဖမ်းဆီး
- တက္ကသိုလ်ကျောင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးနေမှုအပေါ် ဗကသ ဆန့်ကျင်
- ချင်းတောင်တွင် စစ်ဘေးရှောင်များ ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်နေ၊ သေဆုံးသူ ၄ ဦးထိရှိလာ
- ကျောက်ဖြူတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ
- စစ်တွေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ မိသားစုဝင်များ ရွှေ့ပြောင်း
သံတွဲ ဆင်ခေါင်းရွာကို နှစ်ရက်ဆက်တိုက် ထပ်မံဗုံးကြဲ၊ သံဃာတစ်ပါး ဒဏ်ရာရ
တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် ဆင်ခေါင်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆင်ခေါင်းကျေးရွာတွင် ဒေသခံ ၁၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၈ ဦးထိရှိလာသည်။
31 Oct 2024

DMG ၊ အောက်တိုဘာ ၃၁
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးဒဏ်ရာရရှိပြီး အဆောက်အအုံအများအပြား ပျက်စီး သွားကြောင်း သိရသည်။
ဆင်ခေါင်းဘုန်းတော်ကြီးကျောင်းကို အောက်တိုဘာ ၃၀ ရက်နှင့် ၂၉ ရက်အတွင်း နှစ်ရက်ဆက်တိုင်း လာရောက်ဗုံးကြဲခဲ့ပြီး ကျောင်းထိုင်ဆရာတော်မှာ ၂၉ ရက် ဗုံးကြဲမှုအတွင်း ဒဏ်ပြင်းထန်စွာရရှိ သွားခြင်းဖြစ်သည်။
"ဘုန်းကြီးကျောင်းကိုပဲ နှစ်ရက်ဆက်တိုက်ကြဲချတာ။ ပထမတစ်ရက်ကြဲချတဲ့အချိန်မှာ ဆရာတော်က ကျည်စတွေ ထိမှန်ပြီး ဒဏ်ရာရသွားတာ။ ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းလည်း အကုန်ပျက်စီး သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
သက်တော် (၅၈)နှစ်အရွယ် အရှင်သီရိတေဇမှာ ဦးခေါင်း၊ မျက်နှာ၊ ဂုတ်ကြောနှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိသွားပြီး လက်ရှိ ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်ကလည်း ဆင်ခေါင်းကျေးရွာ စာသင်ကျောင်းနှင့် ခမောင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုကြောင့် ခမောင်းတုန်းကျောင်းထိုင်ဆရာတော်မှာ ဒဏ်ရာ ရရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် ဆင်ခေါင်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဆင်ခေါင်းကျေးရွာတွင် ဒေသခံ ၁၇ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၂၈ ဦးထိရှိလာသည်။
သံတွဲ ဒေသခံတစ်ဦးက "ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ဆိုတာ စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာလည်း မဟုတ်ဘူး။ ပြီးတော့ စစ်ရှောင်တွေပဲ အများဆုံး ခိုလှုံတတ်တဲ့နေရာတွေ။ ဒါကို သိရက်နဲ့ကို စကစ (စစ်ကောင်စီ) က ပစ်မှတ်ထားနေတာက လုံးဝလက်ခံနိုင်စရာမရှိဘူး" ဟု ပြောသည်။
စစ်ကောင်စီအတွက် အရေးပါသော မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော်က ဩဂုတ် ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးချိန်မှစ၍ သံတွဲမြို့နယ်တစ်ခုလုံးကို AA က အလုံးစုံထိန်းချုပ်ခဲ့သည်။
အာရက္ခတပ်တော်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုများ တိုးလာနေသည်။