- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
တော်လှန်ရေးတပ် ၂၃ ခုထက်မနည်းကို AA ထောက်ပံ့ပေးထား
အဆိုပါ အဖွဲ့များကို AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်းစသည့် အရင်းအမြစ်များကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝ ထောက်ပံ့လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
10 Jul 2025

DMG ၊ ဇူလိုင် ၁၀
၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ခုတပ်ဖွဲ့ ထက်မနည်းကို အာရက္ခတပ်တော် (AA) က ကူညီထောက်ပံ့ပေးထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP- Myanmar) အစီရင်ခံစာအရ သိရသည်။
ISP Myanmar ၏ ဇူလိုင်လ ၉ ရက်နေ့ထုတ် " ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်" ဆိုသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ အဖွဲ့များကို AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်းစသည့် အရင်းအမြစ်များကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝ ထောက်ပံ့လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် AA ၏ စစ်ရေးကွပ်ကဲမှုစနစ်နှင့် ချိတ်ဆက်ထားသော အဖွဲ့များနှင့် AA ၏ အမိန့်ပေး ကွပ်ကဲမှုနှင့်အတူ စစ်ရေးဖော်ဆောင်ပြီး စစ်ရေးအတွေ့အကြုံနှင့် အထောက်အပံ့များကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝရယူထားသည့် အဖွဲ့များလည်း ပါဝင်ကြောင်း ISP Myanmar က ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များအနက် ၈ ဖွဲ့သည် AA ၏ စစ်ရေးကွပ်ကဲမှုစနစ်အတွင်း ပူးပေါင်းကာ စစ်ရေးဖော်ဆောင်လျက်ရှိပြီး ထိုထဲတွင် ပြည်မ(ဗမာ)တော်လှန်ရေး အင်အားစုအများအပြား ပါဝင်နေသည်ကို တွေ့ရသည်။ အဆိုပါအဖွဲ့များမှာ PIO/PIA၊ GZA၊ PRA၊ SF/SAF၊ ACDF၊ PLF၊ PRF၊ CDF-Asho တို့ဖြစ်သည်။
ယင်းအပြင် AA က စစ်ရေးအရင်းအမြစ်များကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အပြည့်အဝ ထောက်ပံ့ထားသော မဟာမိတ် ၁၅ ဖွဲ့ ရှိနေသည်ကိုတွေ့ရကြောင်း ISP Myanmar က ဆိုသည်။
ထိုထဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးအင်အားစုများ၊ ဧရာဝတီ PDF များ ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါအဖွဲ့များမှာ BPLA၊ CDF-Kanpelet၊ CDF-Matupi၊ CDF-Mindat၊ PDF-Zoland၊ CNDF၊ KNDF၊ BLDF၊ MDF၊ AYAPDF၊ BA၊ YDF၊ YA၊ BMRA၊ DRPA တို့ ဖြစ်သည်။
" AA ဟာ Practical politicians (လက်တွေ့နိုင်ငံရေးသမား) တွေဖြစ်တော့ စကားကို အလုပ်နဲ့ သက်သေပြတယ်။ ရက္ခိတလမ်းစဉ်ဆိုတဲ့ ရခိုင့်နိုင်ငံရေး လမ်းသစ်ကို ဖောက်တယ်။ အခုကတော့ ရက္ခတိလမ်းစဉ်နဲ့ နွေဦးတော်လှန်ရေးကို တွဲချိတ်ပြီးတော့ အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းရေးကို ဦးစားပေးတာကြောင့် ဗမာပြည်က တပ်တွေကို အကူညီပေးနေတာက လက်တွေ့တော်လှန်ရေးကို အားကောင်းစေတယ် " ဟု စစ်ရေးနိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် AA သည် မြန်မာနိုင်ငံ အရှေ့မြောက်၊ အရှေ့တောင်နှင့် အနောက်ပိုင်း ဒေသကြီး သုံးခုစလုံးတွင် စစ်ရေး အဓိက ပါဝင်နေပြီး ဗမာပြည်အညာဒေသအထိ တော်လှန်ရေး လှုပ်ရှားနိုင်စွမ်း ရှိသည့် တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်နေသည်။
" AA ခေါင်းဆောင်တွေဟာ မျိုးဆက်သစ်တွေဖြစ်သလို၊ ကျန်လူငယ်လက်နက်ကိုင်အဖွဲ့တွေကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကိုကြီး-ညီလေးဆက်ဆံရေးနဲ့ 'အပြောနည်းနည်း၊ အလုပ်များများ' လက်နက်ကိုင် မဟာမိတ်ကွန်ရက်အကြီးဆုံး တည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်ပါတယ် " ဟု ISP Myanmar ၏ အစီရင်ခံစာက ဆိုသည်။
ရခိုင်ဒေသကို အခြေပြုပြီး ဧရာ၀တီ၊ မကွေးနှင့် ပဲခူးတိုင်းများထိပါ ထိုးစစ်ဆင်နိုင်သည့် ထူးခြားသည့် EAO ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
AA သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုထဲတွင် မဟာမိတ်ဆက်ဆံရေး အကောင်းဆုံးနှင့် တစ်နိုင်ငံလုံး တပ်ဖြန့်ထားမှု အကောင်းဆုံးအဖွဲ့လည်းဖြစ်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင်၊ UWSA၊ KIA၊ KNU စသည့် အင်အားကြီး လက်နက်ကိုင်တပ်များနှင့်လည်း ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်၏ ၉၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး တစ်ပြည်လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း ISP Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။