အာဏာသိမ်းပဋိပက္ခအတွင်း အမျိုးသမီး ၁၀၀ ကျော် လိင်အကြမ်းဖက်ခံရကြောင်း မြန်မာအမျိုးသမီးအဖွဲ့ချုပ် ပြော

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်က မြို့နယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

By Admin 29 Jul 2023

သရုပ်ဖော်ပုံ - Women's League of Burma (WLB)
သရုပ်ဖော်ပုံ - Women's League of Burma (WLB)

DMG ၊ ဇူလိုင် ၂၉

အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် အမျိုးသမီး ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)က ပြောသည်။

WLB က ပြုစုထားသောစာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်က မြို့နယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံးဖြစ်ကြောင်း သိရသည်။

တချို့မြို့နယ်များတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရသည့်အတွက် ယခုကောက်ယူထားသော စာရင်းထက် များနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မနန်းမိုးမိုးက DMG ကို ပြောသည်။ 

“ဒါတွေကတော့ လက်လှမ်းမီတဲ့နေရာတွေမှာပဲ ကောက်ယူရရှိထားတဲ့ ဖြစ်စဉ်တွေပါ။ တချို့နေရာတွေမှာ အင်တာနက်မရ၊ သွားလာလို့မရတဲ့ နေရာတွေမှာလည်း under report တွေ အများကြီးရှိမှာ သေချာပါတယ်။ ဒါက စစ်တပ်ကျူးလွန်တဲ့ အကြမ်းဖက်အမှုတွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်ကလည်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေကာ အာဏာသိမ်းပြီးနောက် ပို၍ကျူးလွန်လာကြောင်း မနန်းမိုးမိုးက ဆက်ပြောသည်။

“သူတို(စစ်တပ်)က ကျူးလွန်ခဲ့တာတွေအတွက် ပြစ်ဒဏ်ပေးခြင်းကနေ ခေတ်အဆက်ဆက် ကင်းလွတ်ခွင့် ရရှိခဲ့တယ်။ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတွက် အဲဒီဟာရဲ့ နောက်ဆက်တွဲအနေနဲ့ အခုလို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတယ်လို့ မြင်တယ်။ ပြစ်ဒဏ်ပေးခြင်း ကင်းလွတ်ခွင့် အလေ့အထကို အဆုံးသတ်ဖို့လိုအပ်တယ်။ ဒါမှပဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို အဆုံးသတ်နိုင်မယ် မြင်ပါတယ်” ဟု သူကပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ချင်းပြည်နယ်၊ တီးတိန်မြိုနယ်၊ အပ်လွယ်ရွာရှိ မီးဖွားပြီးစ မိခင်တစ်ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်းလတွင်လည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အမျိုးသမီး ၂ ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

စစ်တပ်ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးအတွက် ဇူလိုင်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

ထိုဆွေးနွေးပွဲတွင် “ပဋိပက္ခဖြစ်ပွားရာ နေရာများက အမျိုးသမီးများအပါအဝင် တစ်နိုင်ငံလုံးက အမျိုးသမီးများကို ကာကွယ်ပေးရန်၊ စစ်တပ်ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ပြစ်ဒဏ်ကျခံရမှုမှ ကင်းလွတ်နေသည့် စစ်တပ်ကို ထိရောက်သော အရေးယူမှုများချမှတ်ရန်” ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း ကုလလုံခြုံရေးအစီရင်ခံစာတွင် ဖော်ပြသည်။

သို့သော်လည်း စစ်ကောင်စီက ကုလအစီရင်ခံစာပါ အချက်အလက်များသည် အပြန်အလှန်စစ်ဆေးရန် လိုအပ်ပြီး မိမိတို့ဖက်မှ ပို့ပေးထားသည့် အချက်အလက်များကို တမင်ချန်လှပ်ထားခဲ့ကြောင်း တုန့်ပြန်ထားသည်။ ၎င်းလုပ်ရပ်သည် နိုင်ငံရေးသွတ်သွင်းမှု သက်သက်သာဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ၏အစီရင်ခံစာမှာ မျှတမှုမရှိဟု ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသမီးများကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးက “ရခိုင်မှာ တိုက်ပွဲဖြစ်တုန်းကလည်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေ ရှိခဲ့တယ်။ အခုလည်း ပြည်မမှာဆိုရင် တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတာ။ ဒီလိုလုပ်ရပ်မျိုး မရှိဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး။ ပဋိပက္ခအတွင်းမှာ နေရတဲ့ ပြည်သူလူထုမှာ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်အောင် ပြည်သူလူထုက လုပ်လို့မရဘူး။ အာဏာပိုင်တွေကပဲ လုပ်နိုင်မယ်” ဟု ပြောသည်။

လိင်အကြမ်းဖက်မှုများကို စစ်ကောင်စီတပ်က စစ်ကြောရေးစစ်ဆေးသည့်အခါတွင် နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုတတ်ပြီး အခြားစစ်ဖြစ်ပွားရာ ပဋိပက္ခဒေသများမှာ လက်နက်သဖွယ် အဓိကကျူးလွန်နေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ ဇွန်လ ၁၇ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြသည်။

#R007

ဗီဒီယိုများ