ရခိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ ၁၀ ကျော် ဒဏ်ရာရ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ယနေ့ နံနက် ၉ နာရီနှင့် ၁၀ ကျော်တို့တွင် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

By Admin 01 Jun 2024

ရခိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံး၊ ၁၀ ကျော် ဒဏ်ရာရ

DMG ၊ ဇွန် ၁ 

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ကို စစ်ကောင်စီက ယနေ့ နံနက် ၉ နာရီနှင့် ၁၀ ကျော်တို့တွင် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နံနက် ၁၀ နာရီကျော်က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးလည်း ထိခိုက်သေဆုံးခဲ့ပြီး (၁၁) ဦး ဒဏ်ရာရရှိခဲ့သည်။ 

Y-12 လေယာဉ်ဖြင့် ယိုးတရုပ်ကျေးရွာရှိ ချောင်းဝရပ်ကွက်နှင့် အနောက်စုရပ်ကွက်ကို ဗုံး ၆ လုံးကြဲချခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၁၁) ဦးမှာ ခန္ဓာ၊ ခြေလက်တို့တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ Y-12 လေယာဉ်နဲ့လာပြီးတော့ ဗုံး ၆ လုံးကြဲချသွားတာ။ စစ်ကောင်စီက ဈေးကိုတမင်လာပြီးပစ်သွားတာ။ လူစည်းကားနေချိန်မှာ လာပစ်သွားတာဆိုတော့ အထိအခိုက်များတယ်။ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေသွားတယ်။ နောက်ထပ် ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီးတော့ အရေးပေါ်ဆေးကုသမှု ခံယူနေကြရတယ်” ဟု ယိုးတရုပ်ကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူနှစ်ဦးမှာ မခိုင်မိုးအေး(၂၆ နှစ်)၊ မောင်ကျော်လွင် (၁၀ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ဦးကောင်းစံ (၅၂ နှစ်)၊ ဒေါ်သန္တာခိုင် (၄၈ နှစ်)၊  မောင်ဟိန်းဝင်း (၈ နှစ်)၊ မောင်မျိုးဆန်းအောင် (၁၈ နှစ်)၊ မအေးဖြူ (၂၂ နှစ်)၊ မစုချေ (၆ နှစ်)၊ မနှင်းဝတီ (၅ နှစ်)၊  ဒေါ်အေးခိုင် (၅၄ နှစ်)၊ ဒေါ်လှသန်းမေ (၅၄ နှစ်)၊ ဒေါ်မဲမ (ခေါ် ) အေးနု (၄၃ နှစ်) နှင့် မစုမြတ်ဦး (၁၄ နှစ်) တို့ဖြစ်သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုတ်ရုန်းဆန်ခတ်ဖြစ်သွားခဲ့ပြီး ကျေးရွာသားများလည်း စိုးရိမ်မှုမြင့်တက်နေကြသည်ဟု ယိုးတရုပ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရွာအနီးမှာလည်း ဘာတပ်စခန်းမှ မရှိဘူး။ ရွာသားတွေက ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေကြတာ။ စစ်ကောင်စီက ဒေသခံတွေကို တမင်ရည်ရွယ်ပြီးတော့ လာပစ်တာ။ အခုက ရွာသားတွေက တော်တော်လေးကို ကြောက်သွားကြပြီးတော့ စိုးရိမ်မှု မြင့်တက်နေကြတယ်” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ယိုးတရုပ်ရွာတွင် လူနေအိမ် ၂ ဆောင်လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

အလားတူ ပေါက်တောမြို့နယ် သဲခုံ၊ ကြိမ်ခွေမော်၊ ဆင်တက်မော်၊ တောင်ဦးမော်နှင့် တောင်းဖူးကျေးရွာများကို စစ်ကောင်စီက ယနေ့ နံနက် ၉ နာရီကျော်အချိန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ကြိမ်ခွေမော်ကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာကို ၇ လုံးလောက်ပစ်သွားတယ်။ ပိုက်ဆိပ်ကို တစ်လုံးကျတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် ကြိမ်ခွေမော်ရွာမှ ကိုမောင်ဝင်းချေ (၂၉ နှစ်)နှင့် ဦးကျော်သံသာ (၅၆ နှစ်)တို့ ဒဏ်ရာရရှိသွားခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

သဲခုံကျေးရွာသားတစ်ဦးက “ကလေးတစ်ဦးရေနစ်သေလို့ သင်္ဂြိုလ်နေကြတာ။ အဲဒီမှာ လူစုလူဝေးဖြစ်နေတော့ လေယာဉ်နဲ့လာပစ်တာ။ ဗုံးလေးလုံးကြဲသွားတယ်။ လူတွေက လေယာဉ်သံကြားလို့ လူစုခွဲပြီး ပုန်းနေလိုက်လို့ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ သင်္ချိုင်းအနီးတဝိုက်မှာ ကျတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ဒေသများက အရပ်သားများစည်ကားရာ ဈေးနှင့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများကို လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ မကြခဏရှိနေပြီး ဒေသခံများမှာ ကြောက်လန့်မှုအပြည့်နှင့် နေထိုင်ကြရသည်။

တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်ထိ (၆) လအတွင်း ရခိုင်နှင့် ပလက်ဝတွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ