- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ရန်ကုန်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှု ဆက်တိုက်လုပ်လာ
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှ စတင်ကာ တစ်ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၂ ခုတွင် အရပ်သား ၅၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network ၏ အချက်အလက်များအရ သိရသည်။
10 Jul 2025

DMG ၊ ဇူလိုင် ၁၀
ရန်ကုန်တိုင်းက မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အရပ်သားများအား ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှ စတင်ကာ တစ်ပတ်အတွင်း ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၂ ခုတွင် အရပ်သား ၅၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network ၏ အချက်အလက်များအရ သိရသည်။
လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ စမ်း ချောင်း၊ မရမ်းကုန်း၊ လှိုင်နှင့် သန်လျင် စသည့် မြို့နယ်များမှ ကားလမ်းမပေါ် စစ်ဆေးခြင်းမှတစ်ဆင့် အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်မှုများရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် ညပိုင်းတွင် စစ်ကောင်စီက မြို့အနှံ့ ကားလမ်းမပေါ် လိုက်လံစစ်ဆေးပြီး အရပ်သား ၁၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အလားတူ လှိုင်မြို့နယ်တွင်လည်း ရပ်ကွက်များအတွင်း စစ်မှုထမ်းစာရင်းအရ နေအိမ်များအတွင်း လိုက်လံဖမ်းဆီးရာ အရပ်သား ၂၀ ကျော်အား ခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးမှုများပြားလာခြင်းမှာ စစ်မှုထမ်းအပတ်စဉ်သစ်အတွက် သတ်မှတ်ဦးရေ မပြည့်မီမှုကြောင့် ဖြစ်သည်ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" စစ်မှုထမ်း အမှတ်စဉ် အသစ်တွေအတွက် လတိုင်း လူလိုနေတာမို့ ပုံစံမျိုးစုံနဲ့ အဖမ်းအဆီးတွေ လုပ်နေကြလိမ့်အုံးမယ်။ အမှတ်စဉ် ၁၀ နောက်ပိုင်း လူစားထိုးခေါ်တာတွေကို ကျပ်လိုက်လို့ ပေါ်တာဆွဲတာတွေ အရင်ကထက် နည်းသွားပေမယ့်၊ လူအရနည်းသွားလို့ဆိုပြီး ခုနောက်ပိုင်း ပြန်လျှော့ပေးလိုက်တယ်လို့ ကြားထားပါတယ် " ဟု Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနောက်ပိုင်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတွင် လူတစ်ဦးချင်းစိစစ်၊ စောင့်ကြည့်စနစ် (PSMS)ဖြင့် မှတ်ပုံတင်၊ Smart Card များတွင် ပါသည့် ဒေတာများအား စစ်ကြည့်ကာ တော်လှန်ရေးနှင့် တစ်နည်းနည်းဖြင့် ဆက်နွှယ်နေသူများ၊ ဆွေမျိုးတော်စပ်သူများအား ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။
" သူတို့နယ်မြေတွေကို အပြည့်အဝထိန်းချုပ်ထားတယ်ဆိုတာမျိုး ပြချင်လို့ပါဗျ။ တရုတ်ဆီက နည်းပညာ အကူအညီယူပြီး သူတို့ပုံစံအတိုင်း လိုက်လုပ်တာပါ။ အားလုံးကို သူတို့စောင့်ကြည့်ထားနိုင်တယ်ဆိုတဲ့ မက်ဆေ့ချ် ပေးချင်လို့ လိုက်ဖမ်းပြီးတာနဲ့ အကျယ်တဝင့် ထုတ်ပြန်နေတာပါ" ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်း မြို့နယ်အများစုတွင် လူပျောက်မှုများ၊ ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် ပြန်ပေးဆွဲမှုများ ဆက်တိုက်ရှိလာနေသဖြင့် မြို့နေဒေသခံများမှာ လုံခြုံရေးခြိမ်းခြောက်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။
ပေါ်တာဆွဲဖမ်းဆီးခံရမှုများတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေပြဌာန်းချက်အတွင်း အကျုံးဝင်သည့် လူငယ် အများစုပါဝင်ပြီး ယင်းအထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများလည်း ပါဝင်နေကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက " လူပျောက်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ အလုပ်သွား အလုပ်ပြန်အချိန်တွေဆိုလည်း နောက်ကျောမလုံတော့သလိုမျိုး ခံစားရတယ်။ စစ်တပ်က ဆွဲ မလား၊ တခြား မသမာသူတွေလက်ထဲများ ပါသွားမလားပေါ့။ အလုပ်ပြန်ချိန်နောက်ကျရင်တော့ ပိုပြီးသတိထားနေရတယ် " ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းပေးနေမှုမှာ အပတ်စဉ် ၁၄ အထိ ရောက်ရှိလာနေပြီး စစ်ကောင်စီ၏ ပြောကြားချက်များအရ အပတ်စဉ် တစ်ခုလျှင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့်တွက်ပါက လူဦးရေ ၇၀,၀၀၀ ခန့်အထိ ရရှိနိုင်ကြောင်း ခန့်မှန်းနေကြသည်။
နိုင်ငံတဝန်း နေရာအနှံ့တွင် စစ်ကောင်စီ၏ ပေါ်တာဆွဲဖမ်းဆီးမှုများကြောင့် အရပ်သားများမှာ လုံခြုံရေး စိုးရိမ်ချက်များနှင့် ရင်ဆိုင်နေကြရပြီး စစ်မှုမထမ်းလိုသူများထဲမှ အချို့လူငယ်များမှာ စစ်ကောင်စီ၏ ပိတ်ပင်ကန့် သတ် မှုများကြားမှ ပြည်ပသို့ ထွက်ခွာသူများလည်း ရှိနေသည်။