- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မြောက်ဦးမြို့တွင် ရေရှားပါးမှုကြောင့် ဟိုတယ်လုပ်ငန်းအချို့ ယာယီရပ်နားရမည့် အရေးနှင့်ကြုံတွေ့နေရ
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရသည့်အတွက် ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများမှာ ယာယီရပ်နားထားရမည့် အရေးနှင့် ကြုံတွေ့နေရသည်။
08 Apr 2023

DMG ၊ ဧပြီ ၈
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရသည့်အတွက် ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများမှာ ယာယီရပ်နားထားရမည့် အရေးနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။
လက်ရှိမှာ မြောက်ဦးမြို့အတွင်း ရေရရှိမှု မရှိသလောက်နည်းပါးနေ၍ အချို့ဟိုတယ်နှင့် တည်းခိုခန်းများမှာ ခရီးသွားဧည့်သည်များကို လက်မခံနိုင်လောက်သည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်။
“အခုက တစ်ပတ်နေမှ တစ်ခါ ရေလာတဲ့ ရက်တွေရှိတယ်။ အဲဒီလို ရေရရှိမှုအခက်အခဲတွေရှိတော့ တည်းခိုခန်းလုပ်ငန်းတွေအတွက် အရမ်းအခက်တွေ့သွားတာပေါ့။ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း ဆိုတာက လျှော်ရဖွတ်ရတာ ပုံမှန်ထက်များတယ်။ ဒီအတိုင်းသာ ရေရရှိမှုအခက်အခဲရှိနေရင် တည်းခိုခန်းလုပ်ငန်း ယာယီရပ်နားထားရဖို့ ရှိနေတယ်” ဟု မြောက်ဦးမြို့ ၀တီထွဋ်တည်းခိုခန်း မန်နေဂျာ ကိုကျော်စိုးမင်းက DMG ကို ပြောသည်။
အချို့ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများမှာ မိမိတို့ လက်ခံထားသည့် ဧည့်သည်များ အဆင်ပြေစေရန်အတွက် ပြင်ပအဖွဲ့အချို့က ရေကန်များမှစုပ်ယူကာ ရောင်းချသောရေများကို ၀ယ်ယူနေရကြောင်း သိရသည်။
“အရင်ကဆိုရင် လက်ဆည်ကန်က ရေပုံမှန်မရဘူးဆိုပေမယ့် နှစ်ရက်တစ်ခါလောက် အနည်းဆုံး ရက်တစ်ပိုင်းလောက်သုံးဖို့ ရေရသေးတယ်။ အခုဆိုရင် ရေမရတဲ့အတွက် ရေကို ၀ယ်ပြီး သုံးစွဲနေရတယ်။ ရေလီတာ ၂ ထောင်လောက်ကို ပိုက်ဆံ ၆၅,၀၀၀ လောက်အထိပေးပြီး ၀ယ်ယူနေရတယ်” ဟု ရွှေမြောက်ဦးဟိုတယ်မှ တာဝန်ခံ မစောဌေးယီက ပြောသည်။
ရေဝယ်ယူသုံးစွဲနေမှုကြောင့် ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းများမှာ ၀င်ငွေနှင့်ထွက်ငွေမကိုက်သဖြင့် အဝီစိတွင်းတူးဖော်ကာ ရေရရှိရေးအတွက် လုပ်ဆောင်နေကြသည်။ သို့သော်လည်း မြောက်ဦးမြို့သည် ချောင်းပတ်လည်၀န်းရံထားသည့် ဒေသဖြစ်သည့်အလျောက် အဝီစိတွင်းမှထွက်ရှိသည့် ရေများမှာ ဆားငံဓာတ်များ ပါရှိနေကြောင်း သိရသည်။
အဝီစိတွင်း တူးဖော်သူများကလည်း ရေရရှိရန် အာမခံချက် မပေးနိုင်ဘဲ တူးဖော်အောင်မြင်ပါက ကုန်ကျစရိတ်မှာ ငွေကျပ် ၄ သိန်းဝန်းကျင်ထိရှိကြောင်း သိရသည်။
“ပုံမှန်ပေးဝေနေတဲ့ရေက မရတဲ့အခါကျတော့ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းတွေက အဝီစိတွင်းကို တူးဖော်လာကြတာ တွေ့ရတယ်။ ကျနော်တို့ တည်းခိုခန်းမှာလည်း သုံးရေအခက်အခဲတွေ အရမ်းကြုံလာရတော့ အဝီစိတွင်းတူးလိုက်တယ်။ တူးတဲ့သူတွေက ရေထွက်၊ မထွက်ကို အာမခံချက် မပေးဘူး။ တူးလို့ ရေမထွက်ရင်လည်း သူတို့ကို ပိုက်ဆံတစ်သိန်းပေးရတယ်။ ထွက်ရင်တော့ ၂ သိန်းပေးရတာပေါ့။ သုံးမယ့်ပိုက်တွေဘာတွေနဲ့ ဆိုရင်တော့ ကျနော်တို့မှာ ၄ သိန်း၀န်းကျင်လောက် ကုန်ကျသွားတယ်” ဟု ၀တီထွဋ်တည်းခိုခန်း မန်နေဂျာ ကိုကျော်စိုးမင်းက ပြောဆိုထားသည်။
မြောက်ဦးမြို့ ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန် စစ်ကောင်စီက အနူမကန်မှရေကို ရေခမ်းခြောက်လာသည့် လက်ဆည်ကန်သို့ ဖြည့်သွင်းကာ ဖြန့်ဝေပေးနေသော်လည်း အဆိုပါရေမှာ ညစ်ညမ်းမှုရှိနေ၍ သုံးစွဲရန် အဆင်မပြေကြောင်း ဒေသခံများထံမှ သိရသည်။
“မြောက်ဦးမြို့မှာ ဒီလိုရေရှားပါးမှုပြဿနာ ကြုံတွေ့လာရတာဟာ မယုံနိုင်စရာ အဖြစ်အပျက်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ တခြားမြို့ရွာတွေမှာမရှိတဲ့ ဆည်ကြီးတွေ၊ ရေကန်ကြီးတွေ ရှိနေပါရဲ့နဲ့ ဒီလိုရေရှားပါးမှုကို ကြုံတွေ့နေရတာက လုံးဝ လက်မခံနိုင်စရာ ကိစ္စပါ” ဟု မြောက်ဦးမြို့ပေါ်တွင် နေထိုင်သည့် ကိုကျော်နိုင်က ပြောဆိုသည်။
ယခုကဲ့သို့ ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရမှုကြောင့် ယခုနှစ် သင်္ကြန်ကာလအတွင်း မြောက်ဦးဒေသသို့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု လျော့ကျသွားမည်ကို ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များက စိုးရိမ်ရိမ်နေကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြောက်ဦးမြို့ကို ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု ၄,၄၆၈ ဦးရှိခဲ့ပြီး ယင်းထဲမှ ၃,၁၉၅ ဦးမှာ သင်္ကြန်ကာလအတွင်း ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းအရ သိရသည်။
#I001