ရာသီဥတုအေးချိန်တွင် အဖြစ်များသည့် လေဖြတ်ခြင်းအား အထူးဂရုစိုက်ရန် ကျန်းမာရေးတာဝန်ရှိသူများ တိုက်တွန်း

ခန္ဓာကိုယ်တစ်ဖက်ခြမ်းရှိ မျက်နှာ၊ လက်နှင့်ခြေထောက်များ ထုံကျင်ခြင်း၊ အမြင်အာရုံနှင့် တခြားသော အာရုံခံစားနိုင်စွမ်း ချို့ယွင်းလာခြင်း၊ ရုတ်တရက်သတိလစ်၍ မေ့လဲတတ်ခြင်းများမှာ လေဖြတ်ခြင်း၏ ရှေ့ပြေး ရောဂါလက္ခဏာများဖြစ်ကြောင်း သိရသည်။

By Admin 07 Jan 2023

ရာသီဥတုအေးချိန်တွင် အဖြစ်များသည့် လေဖြတ်ခြင်းအား အထူးဂရုစိုက်ရန် ကျန်းမာရေးတာဝန်ရှိသူများ တိုက်တွန်း

 

DMG၊ ဇန်နဝါရီ ၇

ရာသီဥတုအေးချိန်တွင် သွေးကြောပိတ်ဆို့ခြင်းများကြောင့် အဖြစ်များသည့် လေဖြတ်ရောဂါကို အထူးဂရုစိုက်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက သတိပေးတိုက်တွန်းထားသည်။

ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုသို့ သွေးစီးဆင်းမှု အနှောက်အယှက်ဖြစ်စေသည့် အချိန်တွင် လေဖြတ်ခြင်းကို ဖြစ်ပေါ်တတ်ကြောင်းလည်း သိရသည်။ လေဖြတ်ခြင်းတွင် အဓိကအားဖြင့် သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနှင့် ယာယီလေဖြတ်ခြင်းဟူ၍ သုံးမျိုးရှိရာတွင် သွေးကြောပိတ်လေဖြတ်ခြင်းသည် အဖြစ်အများဆုံး လေဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“လေဖြတ်တယ်ဆိုတာက ဦးနှောက်အတွင်းက ဦးနှောက်ဆဲလ်တွေကို လိုအပ်တဲ့ သွေးတွေ မရောက်တာကြောင့် ဖြစ်တာပါ။ လေဖြတ်ရင် ဦးနှောက်ဆဲလ်တွေ ပျက်စီးသွားတဲ့ နေရာအပေါ်လိုက်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လေဖြတ်တာရဲ့ ၈၅ ရာခိုင်နှုန်းက ဦးနှောက်တွင်း သွေးကြောပိတ်တာကြောင့် ဖြစ်ပြီးတော့ ၁၅ ရာခိုင်နှုန်းကတော့ ဦးနှောက်တွင်း သွေးကြောပေါက်တာကြောင့် ဖြစ်တတ်ပါတယ်” ဟု ဦးနှောက်နှင့် အာရုံကြောရောဂါကုသရေး ဒေါက်တာ စိုးနိုင်ဝင်းက DMG သို့ ပြောသည်။

ထို့အပြင်  ခန္ဓာကိုယ်တစ်ဖက်ခြမ်းရှိ မျက်နှာ၊ လက်နှင့်ခြေထောက်များ ထုံကျင်ခြင်း၊ အမြင်အာရုံနှင့် တခြားသော အာရုံခံစားနိုင်စွမ်း ချို့ယွင်းလာခြင်း၊ ရုတ်တရက်သတိလစ်၍ မေ့လဲတတ်ခြင်းများမှာ လေဖြတ်ခြင်း၏ ရှေ့ပြေး ရောဂါလက္ခဏာများဖြစ်ကြောင်း သိရသည်။

လေဖြတ်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ကိုယ်အလေးချိန် ပိုများသူများ၊ အသက် ၅၅ နှစ် အထက်ကြီးသူများ၊ သွေးတွင်း အဆီဓာတ်များသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသူများ၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲသူများ၊ သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများနှင့် လေဖြတ်ရောဂါ မျိုးရိုးရှိသူများတွင် ပို၍ အဖြစ်များတတ်ကြောင်း သိရသည်။

“သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ သွေးတွင်းအဆီများတဲ့ သူတွေက လေဖြတ်ရောဂါဖြစ်စေဖို့ အကြောင်းအရင်း ပိုများပါတယ်။ လေဖြတ်ရောဂါမဖြစ်အောင် ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားလုပ်ပါ။ ပြီးတော့ ကိုယ်နဲ့ နီးစပ်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ အသိမိတ်ဆွေ ညွှန်းတဲ့ ဆေးတိုင်း လိုက်မသောက်ပါနဲ့။ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်း လူတစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက် ဆရာဝန်ခွင့်ပြုချက်မရဘဲ မသုံးစွဲတာ အကောင်းဆုံးပါ” ဟု ဒေါက်တာစိုးနိုင်ဝင်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိ ဆောင်းရာသီအတွင်း ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းများကို အနွေးထည်များ၊ စောင်များ လာရောက်ထောက်ပံ့ပေးသူများ မရှိသလောက် နည်းပါးနေကြောင်းလည်း သိရသည်။ ထို့ကြောင့် စစ်ဘေးရှောင်စခန်းများမှ သက်ကြီးရွယ်အိုများမှာ အအေးဓာတ်ဖြင့် နှာစီးချောင်းဆိုးခြင်းနှင့် ဖျားနာခြင်းများ ဖြစ်ပေါ်နေကြပြီး လေဖြတ်ရောဂါဖြစ်မည်ကို စိုးရိမ်နေကြောင်း သိရသည်။

“စခန်းမှာက အနွေးထည်တွေ၊ စောင်တွေ လာလှူတဲ့သူ မရှိသေးဘူး။ အသက်ကြီးပိုင်းတွေမှာ တစ်ချို့ဆို ဖျားနာကြတာရှိတယ်။ နေထိုင်ရတဲ့ တဲတွေကလည်း အအေးမလုံဘူး။ ချမ်းနေရင်ဝတ်ဖို့ အနွေးထည်တွေ၊ စောင်တွေကလည်း လုံလုံလောက်လောက်မရှိတော့ လေဖြတ်ရောဂါဖြစ်မှာတော့ စိုးရိမ်စရာတွေရှိပါတယ်” ဟု ညောင်ချောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောသည်။

လေဖြတ်ရောဂါအား တတ်နိုင်သမျှမဖြစ်ပွားစေဖို့အတွက် သွေးတိုးရောဂါရှိသူများအနေဖြင့် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းနိုင်အောင် လုပ်ဆောင်ရန်၊ သွေးတွင်း အဆီဓာတ်နည်းအောင် နေထိုင်စားသောက်ရန်၊ ဆေးလိပ်သောက်တတ်သူ ဖြစ်ပါက ဆေးလိပ်ဖြတ်ရန်၊ ကိုယ်အလေးချိန်ထိန်းရန်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ရန်နှင့် အရက်သေစာသောက်တတ်သူဖြစ်ပါက လျှော့သောက်ရန် လိုအပ်ကြောင်းလည်း သိရသည်။

“လေဖြတ်တာကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဆိုတာ တကယ်တော့ မရှိပါဘူး။ နှလုံးခုန် မမှန်တဲ့သူတွေကိုတော့ သွေးခဲမလွယ်ရအောင် သွေးကြဲဆေးပေးတတ်ပါတယ်။ လေဖြန်းဖူးတဲ့သူတွေကိုတော့ သွေးမခဲဆေး ပေးတတ်ပါတယ်။ အဲဒါတွေကတော့ တစ်သက်လုံးသောက်ရတဲ့ ဆေးတွေပေါ့။ လေမဖြတ်အောင် ဘယ်လိုတွေနေထိုင်သင့်လဲ ဆိုရင်တော့ သွေးတိုး၊ ဆီးချို၊ သွေးထဲအဆီများတဲ့ ရောဂါရှိတဲ့သူတွေဆို ဆရာဝန်နဲ့ သေချာဆေးကုသမှုခံယူပါ။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးတွေ အတတ်နိုင်ဆုံးဖြတ်ပါ။ လေ့ကျင့်ခန်းတွေလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။ ဆီးချိုရောဂါကတော့ လေဖြတ်ရောဂါဖြစ်ဖို့ အလားအလာ အများဆုံးဖြစ်တဲ့အတွက် ဆီးချိုကို သေချာထိန်းချုပ်ကုသဖို့ အရေးကြီးပါတယ်” ဦးနှောက်နှင့် အာရုံကြောရောဂါကုသရေး ဒေါက်တာ စိုးနိုင်ဝင်းက ပြောဆိုထားသည်။

လေဖြတ်ခြင်းဖြစ်ပွားခဲ့ပါက ပကတိပြန်ကောင်းမွန်အောင် ကုသနိုင်ခြေ အလွန်နည်းပါးသည့်အတွက် ယခုကဲ့သို လေဖြတ်ခြင်းရောဂါ မဖြစ်ပွားအောင် အထူးဂရုပြုနေထိုင်ရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက တိုက်တွန်းပြောဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

#I005

ဗီဒီယိုများ