ကျွဲ၊နွားများကြောင့် မသန့်မရှင်းဖြစ်နေသည့်  စစ်တွေဆတ်ရိုးကျရေကန်ကို စနစ်တကျကြပ်မတ်ပေးဖို့ လိုအပ်နေ

ဆတ်ရိုးကျရပ်ကွက်က ရေကန်နှစ်ခုစလုံးကို ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ပြီး ရေဆင်းစိမ်သည့်အတွက် ရေများနောက်ကျိနေသည်။ ထို့ကြောင့် မသန့်ရှင်းသည့် ရေများကို အသုံးပြုနေကြရ၍ ရောဂါများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

By Admin 10 Jan 2023

ကျွဲ၊နွားများကြောင့် မသန့်မရှင်းဖြစ်နေသည့်  စစ်တွေဆတ်ရိုးကျရေကန်ကို စနစ်တကျကြပ်မတ်ပေးဖို့ လိုအပ်နေ

 

DMG ၊ ဇန်နဝါရီ ၁၀ 

ရခိုင်ပြည်၊ စစ်တွေမြို့တွင်နေထိုင်သည့် ရပ်ကွက် (၁၀) ခုခန့်မှဒေသခံများ အသုံးပြုနေကြသော ဗျိုင်းဖြူရွာရေကန်ခေါ် ဆတ်ရိုးကျရေကန်အတွင်းသို့  ကျွဲ၊ နွား၊ တိရစ္ဆာန်များ  ဝင်ရောက်ကာ ရေဆင်းစိမ်မှုများ ရှိနေသည့်အတွက် စနစ်တကျကြပ်မတ်ပေးဖို့ လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ဆတ်ရိုးကျရပ်ကွက်က ရေကန်နှစ်ခုစလုံးကို ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ပြီး ရေဆင်းစိမ်သည့်အတွက် ရေများနောက်ကျိနေသည်။ ထို့ကြောင့် မသန့်ရှင်းသည့် ရေများကို အသုံးပြုနေကြရ၍ ရောဂါများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျွဲ၊ နွား၊ တိရစ္ဆာန်ဆင်းရင် ရေက နောက်ကျိသွားတယ်။ ရွှံ့ရေတွေဖြစ်သွားတယ်။ အဲဒီရေတွေကို သုံးရတာ၊ သောက်ရတာ အဆင်မပြေဘူး။ အဆင်မပြေတော့ သောက်ရေသန့်ဝယ်သောက်ရတယ်။ အဲဒီလို ကျွဲတွေရေထဲကို ဆင်းတဲ့အတွက် ရောဂါဖြစ်ဖို့လွယ်တယ်။ နောက်ကျိနေတဲ့ရေတွေကို သောက်နေရတယ်။ ပိုက်ဆံမရှိတဲ့သူမှာက သောက်ရေသန့်လည်း ဝယ်မသောက်နိုင်ဘူး” ဟု ဆတ်ရိုးကျရပ်ကွက်က ဒေါ်မေဦးစိန်က ပြောသည်။

အဆိုပါရေကန်မှရေများကို ဆတ်ရိုးကျ၊ လမ်းမတော်၊ ဆင်ကူးလမ်း၊ မင်းဒြားချိတ်၊ အုန်းတပင်၊ ရွှေပြည်သာတိုက်တန်း၊ အောင်ချမ်းသာ စသော ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုရေကန်များတွင် တိရစ္ဆာန်များ ရေဆင်းစိမ်ခြင်းအပြင် ဒေသခံတချို့  ငါးဖမ်းခြင်းများလည်းရှိကြောင်း သိရသည်။ ထို့ကြောင့် စစ်တွေမြို့ပေါ်မှ ရပ်ကွက်များကို ရေပေးဝေသည့်အခါတွင် ရွှံ့နှစ်နှင့် သဲများရောနှောနေသည့်  ရေများကိုသာရရှိကြောင်း ထိုကန်ကရေကို အသုံးပြုနေကြသူများက ပြောဆိုကြသည်။

“တချို့လူတွေမှာ သောက်ရေသန့်နဲ့ ထမင်းမချက်ဘဲ အဲဒီကရေနဲ့ပဲ ထမင်းချက်တယ်။ ပိုက်ဆံမရှိတဲ့သူတွေဆိုရင် အဲဒီရေနဲ့ ရေချိုးတယ်။ အဲဒီရေနဲ့ မျက်နှာသစ်တယ်။ အဲဒီရေနဲ့ ထမင်းဟင်းချက်တယ်ဆိုတော့ သန့်သန့်ရှင်းရှင်း စိတ်ချမ်းချမ်းသာသာနဲ့ သုံးချင်ကြတာပေါ့” ဟု စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်တွင် နေထိုင်သည့် ကိုမောင်ငယ်က ပြောဆိုသည်။

သောက်သုံးရေဝယ်ယူသုံးစွဲရန် ငွေကြေးမတတ်နိုင်သူများမှာ ရေကိုကြည်အောင်ထားပြီးမှ သောက်သုံးနေကြရသည်များလည်း ရှိကြောင်း ကိုမောင်ငယ်က ဆက်ပြောသည်။ 

ယခုကဲ့သို့ အများပြည်သူများ အသုံးပြုနေသည့် ရေကန်နှစ်ခုစလုံးကို ကျွဲ၊ နွား တိရစ္ဆာန်များ ဝင်ရောက်မှု မရှိအောင်နှင့် သန့်ရှင်းသည့်ရေကို ဒေသခံများသုံးစွဲနိုင်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်  ခြံစည်းရိုးကာပြီး စနစ်တကျလုပ်ဆောင်ပေးအတွက် ဒေသခံများက တောင်းဆိုနေကြသည်။

 “အဲဒီကန်မှာ ခြံစည်းရိုးကာတာက အကောင်းဆုံးပဲပေါ့။ နောက်ပြီး အဲဒီမှာ အလှည့်ကျဖြစ်ဖြစ် စောင့်ပေးရင်တော့ ပိုကောင်းတာပေါ့။ အကောင်းဆုံးကတော့ ခြံစည်းရိုးကာတာ ပိုကောင်းပါတယ်။ ဘာလို့ဆိုရင် ဒီကန်က မြို့မှာရှိတဲ့သူလည်း သုံးကြတယ်။ အဲဒီရပ်ကွက်ကလူတွေလည်း အကုန်သုံးကြတယ်” ဟု ဆင်ကူးလမ်းရပ်ကွက်တွင် နေထိုင်သူ ကိုမောင်ငယ်က ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စောကို DMG က ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားခြင်း မရှိပါ။ 

ဆက်ရိုးကျရေကန်နှစ်ခုစလုံးတွင် အနီးအနားကျေးရွာနှင့် ရပ်ကွက်များက ကျွဲ၊ နွား၊ တိရစ္ဆာန်များသည် နှစ်စဉ်နွေရာသီရောက်တိုင်း ရေဆင်းစိမ်ကြခြင်းအား တားဆီးနိုင်ရန် မိမိပိုင် ကျွဲ၊ နွား တိရစ္ဆာန်များကို  ရေကန်ထဲသို့မဆင်းရအောင် ဂရုစိုက်ကြရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအလိုက်ဒေသခံများကို အကြောင်းကြားထားကြောင်း ဆတ်ရိုးကျရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သို့သော်လည်း ဒေသခံများမှာ မိမိတို့၏ ကျွဲ၊ နွား တိရစ္ဆာန်များကို ဂရုတစိုက်ထိန်းကျောင်းမှု အားနည်းသည့်အတွက် မည်သို့မျှထူးခြားမှု မရှိကြောင်း ဆတ်ရိုးကျရပ်ကွက်က ရပ်မိရပ်ဖတစ်ယောက်က ပြောသည်။

“နွေရာသီရောက်ရင် ကျွဲနွားတွေက အကုန်ဆင်းကြတာပဲ။ ကျွဲနွားတွေက ကျေးတောရွာဘက်ကလာတယ်။ သုံးဆောင်ရွာဘက်ကလာတယ်။ ရေကန်ထဲဆင်းတယ်။ ရေကန်က ကျယ်တာကိုး။ ကန်ကို စောင့်ဖို့ လူမှမရှိတာ” ဟု သူကပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်များကို ဆတ်ရိုးကျရေကန်နှင့်  ကန်တော်ကြီးရေကန်က အဓိက ရေပေးဝေနေခြင်းဖြစ်ပြီး ထိုရေကန်များတွင်လည်း နွေရာသီရောက်တိုင်း ရေခမ်းခြောက်သွားသည့်အတွက် စစ်တွေဒေသခံများမှာ ရေရှားပါးမှုပြဿနာကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရသည်။

#R005

ဗီဒီယိုများ