ဆယ်စုနှစ်တစ်ခုကြာ ရပ်တန့်နေခဲ့သည့် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မှု ပြန်လည်စတင်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၉၉၃ ခုနှစ်မှစ၍ ၂၀၀၄ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်မှ ဆားတန်ချိန်ပေါင်း တစ်သိန်းခွဲနီးပါးအထိ တင်ပို့ခဲ့ရာမှ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံမှ ဝယ်ယူမှုကို ရပ်တန့်ခဲ့သည်။

By Admin 13 Jan 2023

ဆယ်စုနှစ်တစ်ခုကြာ ရပ်တန့်နေခဲ့သည့် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မှု ပြန်လည်စတင်မည်

ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ကွက်တစ်ခုကို တွေ့ရစဉ်။/ ဓာတ်ပုံ - Tun Kyawl

DMG ၊ ဇန်နဝါရီ ၁၃

ဆယ်စုနှစ်တစ်ခုကြာသည်အထိ ကုန်သွယ်မှုရပ်တန့်နေခဲ့သည့် ရခိုင်မှထုတ်လုပ်သောဆားကို ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်တင်ပို့သွားမည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်မှ ထုတ်လုပ်သည့်ဆားကို ပြန်လည်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စစ်ကောင်စီတို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းကဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့သဖြင့် ယခုနှစ်အတွင်း ထွက်ရှိလာသော ဆားများကို စ၍တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ဆားတန်ချိန် မည်မျှအထိ တင်ပို့သွားမည်ကို မသိရှိရသေးဘဲ ဆားအရည်အသွေးအပေါ် မူတည်သည့်အတွက် ဆားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်အောင် ထုတ်လုပ်ရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းကပြောသည်။

“ဆားအရည်အသွေး ကောင်းရင်ကောင်းသလို ကျနော်တို့ဆီက ဝယ်ယူမယ်ဆိုပြီးတော့ သူတို့က ကမ်းလှမ်းထားတာ ရှိပါတယ်။ ကျနော်တို့ အရည်အသွေးကောင်းအောင် ထုတ်လုပ်ရမယ်” ဟု ဦးသန်းဝင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၉၉၃ ခုနှစ်မှစ၍ ၂၀၀၄ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်မှ ဆားတန်ချိန်ပေါင်း တစ်သိန်းခွဲနီးပါးအထိ တင်ပို့ခဲ့ရာမှ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံမှ ဝယ်ယူမှုကို ရပ်တန့်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဆားတန်ချိန် ၃၀၀၀၀ (သုံးသောင်း)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝယ်ယူခဲ့သော်လည်း ဆားအရည်အသွေး မပြည့်မီဟုဆိုကာ ကုန်သွယ်မှုလုပ်ငန်းကို ပြန်လည်ရပ်တန့်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုအထိ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ 

ရခိုင်တစ်ပြည်လုံးမှာ ၂၀၀၀ ခုနှစ်မတိုင်မီက ဆားလုပ်ကွက် ဧကပေါင်း တစ်သောင်းကျော် ရှိခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှုရပ်တန့်ခဲ့ပြီးနောက် ဆားလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်း လျော့နည်းခဲ့သဖြင့် လက်ရှိမှာ ဆားလုပ်ကွက်ဧကပေါင်း တစ်ထောင်ကျော်သာ ရှိတော့ကြောင်း ဆားလုပ်ငန်းရှင်များထံမှ သိရသည်။

ရခိုင်ပြည်မှ ထုတ်လုပ်သည့်ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်ဆိုပါက ဆားလုပ်ငန်းလုပ်ကိုင်သူများလည်း များလာနိုင်သလို ဆားလုပ်ကွက်ဧကပါ တိုးလာမည်ဖြစ်ပြီး ဆားလုပ်တောင်သူများလည်း အဆင်ပြေလာမည်ဟု ကျောက်ဖြူမြို့နယ်၊ ရွှေညိုမကျေးရွာမှ ဆားလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ထွန်းဝင်းက ပြောသည်။

“ဘင်္ဂလားဈေးကွက်ကိုသာ အစိုးရဘက်က တိုက်ရိုက်ခွင့်ပြုပြီး ပုံမှန်လည်ပတ်လို့ရမယ့် သဘောဆိုရင် ဒီမြေလည်း အသုံးဝင်မယ်၊ ဒီရေလည်း အသုံးဝင်မယ်။ ရခိုင်ပြည်သူတွေလည်း အားလုံးအကျိုးဖြစ်မှာ” ဦးမောင်ထွန်းဝင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ် ဆားတန်ချိန်ပေါင်း တစ်သန်းနီးပါးအထိ စားသုံးမှုရှိပြီး နိုင်ငံအတွင်းဆားထွက်ရှိမှုမှာ နှစ်စဉ် သုံးသိန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် ထပ်မံလိုအပ်သောဆားကို အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်မှ ဝယ်ယူနေရကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ လေ့လာချက်များအရ သိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်နေသည့်ဆားကို ရခိုင်ပြည်မှ ပြန်လည်ဝယ်ယူတော့မည် ဖြစ်သည့်အတွက် ဆုတ်ယုတ်နေသော ရခိုင်ဆားလုပ်ငန်း ပြန်လည် ဦးမော့လာမည်ဖြစ်ကာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းလည်း ရှိလာမည်ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ဆားလုပ်ကွက်တစ်ဧကမှာ လူနှစ်ယောက် လုပ်ရတယ်ဆိုရင် ဧကတစ်ထောင်လုပ်မယ်ဆိုရင် လူနှစ်ထောင်အလုပ်ရပါတယ်။ ကျနော်တို့ ဧကသုံးသောင်းလောက်သာ လုပ်နိုင်မယ်ဆိုရင် လူပေါင်းခြောက်သောင်းကို အလုပ်အကိုင်ပေးနိုင်မယ်။ ဆက်စပ်တဲ့ စက်လှေသမားတွေ၊ ကုန်တင်ကုန်ချသမားတွေဆိုရင် လူပေါင်းခုနစ်သောင်း၊ ရှစ်သောင်းလောက် အလုပ်အကိုင်ရမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်းက ပြောသည်။

ရခိုင်ပြည်တွင် အရည်အသွေးပြည့်မီသည့် ဆားကို ထုတ်လုပ်နိုင်ရန်အတွက် ဆားလုပ်တောင်သူများမှာ နည်းပညာအခက်အခဲ၊ ရင်းနှီးမြှုပ်နှံမှု စသည့် လိုအပ်ချက်များ ရှိနေသေးသဖြင့် ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာရေးမှာ စိန်ခေါ်မှုများရှိနေသေးကြောင်း ဆားတောင်သူများက ပြောဆိုကြသည်။ 

#I008

ဗီဒီယိုများ