အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ရေးတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ (၂)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အရေအတွက်အတိအကျ မသိသော တူညီယူနီဖောင်းဝတ် PDF များကို ဖွဲ့စည်းထားသည်။ တိကျသောကိန်းဂဏန်းများနှင့် ပတ်သက်ပြီး တင်းကြပ်စွာ ထိန်းချုပ်ထားသော်လည်း PDF တပ်ဖွဲ့ဝင်များ (NUG ကလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအပါအဝင်) စုစုပေါင်းအင်အားမှာ ၅ သောင်းဝန်းကျင်ဖြစ်ပြီး NUG နှင့်ပေါင်းစပ်ထားသော LDF အဖွဲ့များ၏ ညွှန့်ပေါင်းတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၆ သောင်း မှ ၇ သောင်း ရှိသည်ဟု အတွင်းသတင်းရင်းမြစ်များက ဆိုသည်။

By ကြည်ဖြူစံ 09 Jul 2022

မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်အား ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံတွေ့ဆုံစဉ်။ ဓာတ်ပုံ - Myanmar Foreign Ministry

ကြည်ဖြူစံ ဘာသာပြန်ဆိုသည်။

တိုက်ပွဲဝင်တော်လှန်ရေးသမားများသည် စစ်ရေးနည်းဗျူဟာများနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာသလို LDF နှင့် PDF များကြား ညှိနှိုင်းပူးပေါင်း တိုက်ခိုက်နိုင်စွမ်းရှိလာပြီး EAO များနှင့်ပါ အလားတူ ဆောင်ရွက်နိုင်စွမ်းရှိလာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အရေအတွက်အတိအကျ မသိသော တူညီယူနီဖောင်းဝတ် PDF များကို ဖွဲ့စည်းထားသည်။ တိကျသောကိန်းဂဏန်းများနှင့် ပတ်သက်ပြီး တင်းကြပ်စွာ ထိန်းချုပ်ထားသော်လည်း PDF တပ်ဖွဲ့ဝင်များ (NUG ကလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအပါအဝင်) စုစုပေါင်းအင်အားမှာ ၅ သောင်းဝန်းကျင်ဖြစ်ပြီး NUG နှင့်ပေါင်းစပ်ထားသော LDF အဖွဲ့များ၏ ညွှန့်ပေါင်းတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၆ သောင်း မှ ၇ သောင်း ရှိသည်ဟု အတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဤကိန်းဂဏန်းများသာ တကယ်တမ်း မှန်ကန်ခဲ့ပါက နိုင်ငံတစ်ဝန်းလုံးတွင် PDF – LDF တိုက်ခိုက်ရေးအင်အား အနည်းဆုံး ၁ သိန်းအထိ ဖြန့်ကျက်နေရာယူ ထားသည်ဟု ဆိုနိုင်ပါသည်။

လက်နက်ချို့တဲ့မှုက အကြီးမားဆုံးသောအားနည်းချက်အဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာစစ်တပ်က လေကြောင်းသာလွန်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ဖြစ်နိုင်ချေမရှိသော်လည်း တတိယအဖွဲ့အစည်းတစ်ခုခုမှ ဘဏ္ဍာရေး  နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများ ရရှိခဲ့မည်ဆိုလျှင် လက်ရှိပဋိပက္ခ၏ အနေအထားက လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။ မြန်မာစစ်တပ်ကို တော်လှန်ရေးအင်အားစုများက အနိုင်ယူနိုင်ပေလိမ့်မည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသောပဋိပက္ခများကို ပြောင်းလဲသွားနိုင်မည့် အခြားသော ဖြစ်နိုင်ချေရှိသည့် အကြောင်းအရင်းမှာ မြန်မာစစ်တပ်မှ အဆင့်မြင့်အရာရှိ (အနည်းဆုံး ဗိုလ်မှူးချုပ်အဆင့်)မှ ဘက်ပြောင်းခြင်းဖြစ် သည်။

ဤသို့အဆင့်မြင့်အရာရှိတစ်ဦးဦး၏ ဘက်ပြောင်းမှုက အင်အားဆုတ်ယုတ်နေပြီဖြစ်သော မြန်မာစစ်တပ်ကို စိတ်ဓာတ်ကျဆင်းစေမည်ဖြစ်ပြီး အစုလိုက်အပြုံလိုက် စစ်ပြေးမှုများ ဖြစ်လာနိုင်ချေရှိသည်။ လက်ရှိတွင် ယင်းအချက်က မဖြစ်နိုင်ဟုထင်ရသော်လည်း မြန်မာစစ်တပ်၏ ထိပ်ပိုင်းအဆင့်များအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာကို ချုပ်ကိုင်ထားသောကြောင့် ဘက်ပြောင်းရန် အလားအလာရှိသူများအတွက် ပြည်တွင်းနှင့် တတိယနိုင်ငံများ၏ မက်လုံးပေးဆွဲဆောင်မှုများ တိုးလာနေသည်။ ထို့ပြင် အာဏာရှင်စစ်အုပ်စု ပြိုလဲလာသည်နှင့်တပြိုင်နက် အာဏာရှင်ကိုဆန့်ကျင်သည့် ထိပ်ပိုင်းအဆင့်များ ရှိလာသည်ကို သမိုင်းက သက်သေပြနေပါသည်။ မင်းအောင်လှိုင်အား အစားထိုးရန် တပ်တွင်းအုပ်စုကွဲတစ်ခု ထွက်ပေါ်လာနိုင်ခြေရှိသည့်တိုင် ထိုအချက်က ခေါင်းဆောင်ပိုင်းကို အားပျော့သွားစေလိမ့်မည်ဟု မဆိုသာပေ။

စစ်အုပ်စုကို ဆန့်ကျင်နေကြသောအင်အားစုများ၏ အကြီးမားဆုံးအားနည်းချက်မှာ စည်းလုံးညီညွတ်သည့်အမြင်မျိုး မရှိသေးခြင်းဖြစ်သည်။ သမိုင်းကြောင်းအရ ဆိုလျှင်လည်း တိုင်းရင်းသားလူနည်းစုများကြား နိုင်ငံရေးအရကွဲလွဲ မှုများက ဤပြဿနာကို ဖော်ပြနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးသမားများ လွှမ်းမိုးထားသော NUG အပေါ်မှာလည်း အရင်ကတည်းက ရှိထားခဲ့သော တိုင်းရင်းသားလူနည်းစုများ၏ သံသယက ဤအချက်ကို ပိုပြီးဆိုးလာစေသည်။

မည်သို့ပင်ဖြစ်စေကာမူ အကွဲကွဲအပြားပြားဖြစ်နေသော အတိုက်အခံအင်အားစုများက နိုင်ငံတော်၏အနာဂတ် အတွက် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးပုံစံတစ်ရပ်ကို သဘောတူလက်ခံနိုင်ခဲ့ကြမည် ဆိုလျှင်တော့ မြန်မာစစ်တပ်က ယှဉ်ပြိုင်နိုင်စွမ်းရှိမည်မဟုတ်သော နိုင်ငံရေးအင်အားစုတစ်ရပ် ထွက်ပေါ်လာနိုင်ပါသည်။ ထိုကဲ့သို့သောအင်အားစု ထွက်ပေါ်လာနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)မှတဆင့် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ NUG အနေဖြင့် လူပေါင်း ၃၈၈ ဦးပါဝင်တက်ရောက်မှုဖြင့် မကြာသေးမီက ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့ညီလာခံတွင် ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်း(FDC) မူကြမ်းအား အတည်ပြု ခဲ့ခြင်းမျိုးဖြင့် ကြိုးပမ်းလျက်ရှိသည်။ အဆင့်လိုက် မည်ကဲ့သို့ဆောင်ရွက်မည်၊ သင့်တော်သော အပြန်အလှန် ထိန်းကျောင်းမှုများကို မည်ကဲ့သို့လုပ်ဆောင်မည် ဆိုသည်ကတော့ ဖြေရှင်းရန်ကျန်နေသေးသော အဓိကအတားအဆီးများ ဖြစ်နေသေးသည်။

သမိုင်းကြောင်းတလျှောက် ရှိလာခဲ့သော တိုင်းရင်းသားလူနည်းစုများကြားမှ မကျေနပ်ချက်များကို ကျော်လွှားနိုင်ရန် အချိန်ယူလုပ်ဆောင်ရပေလိမ့်မည်။ အကယ်၍ NUCC အနေဖြင့် ဗဟိုနှင့် အစွန်အဖျားကြား ဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးထားသည့် ဖက်ဒရယ်ပဋိဉာဉ်သစ်ကို အောင်မြင်စွာစေ့စပ်ပေးနိုင်ခဲ့ပါက မြန်မာစစ်တပ်ဆန့်ကျင်နေမှုတွင် စည်းလုံးညီညွတ်သော တပ်ဦးတစ်ခု ဖန်တီးနိုင်မည်လည်းဖြစ်သည်။ ထို့ပြင် လက်ရှိကြုံနေရသော ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေသောအခြေအနေမှ သိသိသာသာ လမ်းကြောင်းပြောင်း သွားပေလိမ့်မည်။

ဤဖော်ပြချက်များက မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများကိုပုံဖော်နေသည့် နိုင်ငံရေးအင်အားစုများ၏ စာရင်းအပြည့်အစုံ သို့မဟုတ် အာဏာချိန်ခွင်လျှာကို ယိမ်းယိုင်သွားစေနိုင်သော အရာများကို တရားဝင်ခွဲ ခြမ်းစိတ်ဖြာပြခြင်းတော့ မဟုတ်ပါ။  မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးက မယုံနိုင်စရာကောင်းလောက်အောင်ပင် ရှုပ်ထွေးလှပါသည်။

ဤဆောင်းပါးတွင် အကြံပြုထားသော အချက်များတွင် မည်သည့်အချက်ကမှ မြန်မာစစ်တပ်ကို ချက်ချင်း အရှုံးနှင့်ရင်ဆိုင်သွားရန် သို့မဟုတ် ဖျက်သိမ်းပစ်ရန်ဆီသို့ ဦးတည်သွားနိုင်စေလိမ့်မည်တော့ မဟုတ်ပါ။ ၎င်းအစား အစိုးရအပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ခု ဖန်တီးရန်အတွက်မူ အချက်တစ်ချက်ချင်း စီတိုင်းတွင် အလားအလာများ ရှိနေပါသည်။ ထိုအပြောင်းအလဲတွင် မည်သည့်အချက်တို့ ပါဝင်လိမ့်မည်ဆိုသည်ကိုတော့ ခန့်မှန်းရန် မဖြစ်နိုင်ပါ။ သို့သော် ပိုမိုကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများကို ရှောင်ရှားလိုပါက နိုင်ငံတကာအနေဖြင့် သတိထားရမည့်အချက်မှာ  မြန်မာစစ်တပ်သည် ၎င်းတို့ဆုပ်ကိုင်ထားသော အာဏာကို အဆုံးတိုင် ဆုပ်ကိုင်နိုင်စွမ်းရှိသူများ မဟုတ်ပါ ဆိုသည်ပင်။ မြန်မာစစ်တပ်အနေဖြင့် အာဏာဆုံးရှုံးရမည့်အခြေ အနေဆီသို့ တိုး၍တိုး၍သာ နီးကပ်လာနေသည်ဆိုသော အချက်ဖြစ်သည်။

■ အစိုးရအပြောင်းအလဲအတွက် စီစဉ်လုပ်ဆောင်ခြင်း

အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ မရရှိခဲ့ပါက မြန်မာနိုင်ငံအနေဖြင့် ရှည်လျားပြီး အချိန်ကြာဦးမည့် ပဋိပက္ခများ ဆက်ပြီး ရင်ဆိုင်နေရဖွယ်ရှိသည်။ တဖြည်းဖြည်းချင်း ပြိုကွဲလာနေသော မြန်မာစစ်တပ်သည် ပဋိပက္ခကို တိုး၍ဆိုးလာစေပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်တိုးပွားလာစေရန် သို့မဟုတ် ပိုပြီးအရှိန် မြှင့်လာစေရန် သေချာသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် ဒုက္ခရောက်ရသူအရေအတွက် ပိုမိုတိုးပွားလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ပိုပြီးဆိုးရွားလာစေလိမ့်မည်။

ထို့ပြင် သမိုင်းကိုပြန် ကြည့်ပါက မြန်မာနိုင်ငံ၌ အာဏာလေဟာနယ်ဖြစ်ခြင်းက အခွင့်အရေးသမား ပြည်သူ့စစ်များကို ခိုးဆိုးလုယက်မှုနှင့် တရားမဝင်လုပ်ငန်းများတွင် ပါဝင်ခြင်းဆီသို့ ဦးတည်သွားစေနိုင်ပြီး ကျရှုံးနိုင်ငံဖြစ်လာမည့် အန္တရာယ်က ပိုပြီးများလာသည်။

ထို့ကြောင့် ဖြစ်လာနိုင်ချေရှိသည့် အစိုးရအပြောင်းအလဲအတွက်  တက်တက်ကြွကြွ စတင်စီစဉ်ရန်နှင့် နောက်မှဆိုသည်ထက် အမြန်ဆုံးဆောင်ရွက်ခြင်းကသာ နိုင်ငံတကာအသိုက်အဝန်း၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်သည်။
ထိုကဲ့သို့ အစီအစဉ်ရေးဆွဲနိုင်ရန် အနည်းဆုံးအနေဖြင့် နည်းလမ်း ၃ ခုရှိနေသည်။

ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာစေရေးကို စိတ်ပါဝင်စားသည့်နိုင်ငံများအနေဖြင့် “အဖြစ်မှန်ကို လက်ခံယုံကြည်ပေးကာ” အဓိကကျသော NUG နှင့်သာမက အရပ်ဘက်အဖွဲ့အစည်းများ၊ EAO များအပါအဝင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အတိုက်အခံများနှင့် စစ်မှန်စွာ ထိတွေ့ဆက်ဆံဖို့ ဖြစ်သည်။ ဤသို့ထိတွေ့ဆက်ဆံရာတွင် “အာဏာသိမ်းစစ်တပ် ခေတ်အလွန်” အခြေအနေတစ်ခုတွင် အာဏာကို လက်ခံကျင့်သုံးနိုင်စေရန်အတွက် NUG ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးမည့် အစီအစဉ်တစ်ခုဖြင့် စတင်သင့်သည်။

ဒုတိယအနေဖြင့် စစ်တပ်က အသိအမှတ်ပြုလက်ခံရန် ငြင်းပယ်နေသည့်တိုင်  နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် NUCC က အဆိုပြုထားသော ဖက်ဒရယ်ပဋိဉာဉ်သစ်အား အသိအမှတ်ပြုလက်ခံရန်အတွက် အာဆီယံ၊ အနောက် အင်အားကြီးနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ပါဝင်သည့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့များကို ထူထောင်သင့်သည်။  

တတိယအနေဖြင့် အနောက်နိုင်ငံများ (နှင့် အိမ်နီးချင်းနိုင်ငံများ) အနေဖြင့် မြန်မာစစ်တပ်ကြောင့် ထိခိုက်ခံစားခဲ့ရသူ များအား သက်သာရာရစေရန် အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပိုမိုပေးသင့်ပြီး NUG က ၎င်း၏ စစ်ရေးဗျူဟာအပေါ် အာရုံစိုက်နိုင်စေရန်အတွက် ပိုမိုပံ့ပိုးပေးသင့်သည်။

“အာဏာသိမ်းစစ်တပ် ခေတ်အလွန်” မြန်မာနိုင်ငံဆိုသည်မှာ စစ်တပ်ကို ဖျက်သိမ်းပစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ တော်လှန်ရေးအင်အားစုတစ်စုက နေပြည်တော်ကို သိမ်းပိုက်ပြီး မြန်မာစစ်တပ်ကြီးတစ်ခုလုံးကို အနိုင်ယူရန် ဆိုသည်က လွန်စွာမှပင် ဖြစ်လာနိုင်စရာမရှိပါ။ အကယ်၍ မြန်မာစစ်တပ်၏ ရပ်တည်ချက် ပိုမိုပျက်ယွင်းလာပါက စစ်တပ်ကို ခေါင်းဆောင်မှုအသစ် သို့မဟုတ် အခွင့်အရေးယူတတ်သည့် အစုတစ်စုက NUG နှင့် အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှုများအတွက် ညှိနှိုင်းဖို့ အလားအလာ ရှိကောင်းရှိလာမည်။ သို့သော်လည်း ပေါင်းစည်းထားသော စစ်အုပ် စုဆန့်ကျင်ရေး အင်အားစုများက မြန်မာစစ်တပ်ကို အပြတ်အသတ် အနိုင်တိုက်နိုင်ခဲ့လျှင်တောင် စစ်တပ်ကို ဖျက်သိမ်းခြင်းက ဆိုးရွားသောဂယက်များကို ဖြစ်လာစေလိမ့်မည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်း အီရတ်စစ်တပ်ကို ဖျက်သိမ်း လိုက်သောကြောင့် ISIS အဖွဲ့ ကြီးထွားလာခဲ့ဖူးသည်။

ထို့ကြောင့်လည်း တော်လှန်ရေးအင်အားစုများအား ထည့်သွင်းပေါင်းစပ်ရေး အပြင် မြန်မာစစ်တပ် ပြုပြင်ပြောင်းလဲရေး အတွက် အစီအစဉ်တစ်ခုကို စောစောစီးစီးရေးဆွဲရန် အထူးပင် အရေးကြီးပေသည်။ ထိုအစီအစဉ်ကို စောစီးစွာကတည်းက စတင်ထားသင့်သည်။

ဖြစ်လာနိုင်သည့် အန္တရာယ်နှစ်ခုကလည်း ရှိနေသေးသည်။ ပထမအချက်မှာ ခက်ခက်ခဲခဲဖြင့် ယှဉ်ပြိုင်ရင်ဆိုင်နေရသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကို အနီးကပ်ဂရုစိုက်ရန်နှင့် အပေးအယူလုပ်နိုင်ရန် အတွက် NUG အနေဖြင့် ပိုမိုပွင့်လင်းရန် အရေးကြီးပေသည်။ LDF ၊ PDF များကတော့ အများပြည်သူများ နည်းတူ မြန်မာစစ်တပ်ကို အလုံးစုံလက်နက်ချရေးကလွဲပြီး ကျန်တာ လက်မခံလိုကြပေ။

NUG အနေဖြင့် ဖက်ဒရယ်လက်နက်ကိုင် တပ်ဖွဲ့သစ်အတွင်း လက်ရှိစစ်တပ်မှ စစ်သည်အဆင့်ဆင့်၏ ပါဝင်နိုင်ခြေအပါအဝင် လက်တွေ့ကျသည့် ကန့်သတ်ချက်များအား အများပြည်သူသိရှိနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြောဆိုခြင်းဖြင့် စီမံခန့်ခွဲမှုများ စတင်သင့်သည်။

ဒုတိယအချက်အနေဖြင့် လက်ရှိတပ်မတော် ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းသည် လက်တွေ့အရရော၊ ကျင့်ဝတ်အရပါ မဖြစ်နိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုဖို့လိုသည်။ မြန်မာစစ်တပ်အတွင်းရှိ သဘောထား တင်းမာသူများက စေ့စပ်ညှိနှိုင်းရေးများကို အမြဲတစေပင် မရိုးမသား လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက သေသေချာချာ မှတ်တမ်းတင်ခဲ့ကြသည်။

ယနေ့မြန်မာနိုင်ငံရှိလူအများစုက မြန်မာစစ်တပ်၏ လုပ်ရပ်က ကျူးကျော်ဝင်ရောက်လာသော နိုင်ငံခြားတပ်ဖွဲ့များနှင့် တူသည်ဟု ရှုမြင်လျက်ရှိကြသည်။

ပဋိပက္ခ၏ အကျပ်အတည်းက ပို၍ကောင်းမလာသေးမီ ပို၍ဆိုးလာရန် အလားအလာ ရှိနေသော်လည်း ဤအချိန်သည် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပတ်သက်သူများအနေဖြင့် “အာဏာသိမ်းစစ်တပ်ခေတ်အလွန်” မြန်မာနိုင်ငံအတွက် စတင်စီစဉ် လုပ်ဆောင်ကြရမည့်အချိန်လည်း ဖြစ်ပေတော့သည်။

ကြည်ဖြူစံ

“Yusof Ishak Institute” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Anders Kirstein Moeller” ရေးသားသည့် “The International Community Needs to Prepare for a Post-Tatmadaw Myanmar” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ