တိုက်ပွဲဝင်ကြရန် NUG ၏ တောင်းဆိုချက်အပေါ် စိုးရိမ်ကြောင်း ပြည်ပအသိုင်းအဝိုင်းက ပြောကြားမှုများရှိနေ

မြန်မာစစ်တပ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြရန် NUG အစိုးရ၏ တိုက်တွန်းချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 Sep 2021

DMG ၊ စက်တင်ဘာ ၉

မြန်မာစစ်တပ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြရန် NUG အစိုးရ၏ တိုက်တွန်းချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ပြည်သူတို့၏ ခုခံတွန်းလှန်စစ်” စတင်လိုက်ပြီဖြစ်ကြောင်း NUG အစိုးရက စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အုပ်ချုပ်မှုအား တွန်းလှန်တိုက်ဖျက်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ အာဏာရယူခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လက်ရှိအချိန်အထိ သေဆုံးရသူ စုစုပေါင်း တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ ဖော်ပြချက်များအရ သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦး ဖြစ်သလို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး သံတမန်ဟောင်းတစ်ဦးလည်း ဖြစ်သူ ယန်ဟီးလီက မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ခုနစ်လအထိ ကြာမြင့်လာသည့်တိုင် နိုင်ငံတကာအသိုင်းအဝိုင်းက တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်နေသည့်အပေါ် မြန်မာလူထု၏ မချင့်မရဲဖြစ်မှုကို နားလည်သည်ဟု ဆိုသည်။ သို့သော်လည်း လက်နက်ကိုင်တော်လှန်ရေးသည် စိတ်မကောင်းဖွယ်ရာ ရွေးချယ်မှုတစ်ခု ဖြစ်သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခရစ်ဆီဒိုတီကလည်း အကြမ်းဖက်မှုသည် မြန်မာလူထုကို ဒုက္ခရောက်စေမည် ဖြစ်ကာ အဖြေမဟုတ်ဟု ဆိုသည်။ NUG ၏ ဤဆုံးဖြတ်ချက်ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲ ကိစ္စရပ်များအပေါ် စိုးရိမ်တုန်လှုပ်မိသည်ဟုလည်း သူက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင်မူ NUG ၏ ကြေညာချက်အပေါ် စိတ်အားတက်ကြွစွာဖြင့် ထောက်ခံမှုများ အများအပြားရှိနေကြောင်း အေပီသတင်းတွင် ဖော်ပြသည်။ NUG အပေါ် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက ထိထိရောက်ရောက် မကူညီခြင်းအပေါ် တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိကြောင်း လူမှုကွန်ရက်ပေါ်၌ ဖော်ပြချက်များ ရှိသည်ဟု အဆိုပါသတင်းက ဖော်ပြသည်။

မြန်မာစစ်တပ်ဦးဆောင်သော အစိုးရအား အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်မှုများ ရှိနေချိန်၌ အာဆီယံအဖွဲ့ကလည်း သံတမန်နည်းဖြင့် ကူညီဖြေရှင်းရန် ကြိုးစားလျက်ရှိသည်။ သို့သော်လည်း အင်ဒိုနီးရှား၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံများကမူ အာဆီယံ၏ လုပ်ငန်းစဉ်များ နှေးကွေးမှုအပေါ် အားမလိုအားမရ ဖြစ်လျက်ရှိသည်။

NUG ၏ ကြေညာချက်နှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာဝင်ယူဆော့အား ရိုက်တာသတင်းဌာနက ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းရာ “အထူးသံတမန်သည် မြန်မာ့အရေးကို အနီးကပ် လေ့လာစောင့်ကြည့်နေ” ကြောင်း သံတမန်ရုံးက ဖြေကြားသည်။

အာဝင်ယူဆော့က မိမိအနေဖြင့် မြန်မာစစ်တပ်အား လေးလကြာ အပစ်အခတ် ရပ်စဲပေးရန် တောင်းဆိုထားပြီး စစ်တပ်ဘက်ကလည်း မငြင်းကြောင်း ကျိုဒိုသတင်းဌာနနှင့် အင်တာဗျူးတစ်ရပ်၌ ဖြေကြားထားသည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဖြန့်ချိမှုကို ခွင့်ပြုပေးရန် တောင်းဆိုထားကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။

“လက်ရှိ မြန်မာ့အကျပ်အတည်းအတွက် အကြမ်းဖက်မှုကို အသုံးပြုဖြေရှင်းတာကို အမေရိကန်က လက်မခံပါဘူး” ဟု ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

“NUG ရဲ့ ကြေညာချက်ကို ဆိုရှယ်မီဒီယာပေါ်မှာတော့ အားတက်သရော ထောက်ခံနေကြပါတယ်” ဟု ICG ၏ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ရစ်ချက်ဟိုဆေးက ပြောသည်။ သို့သော်လည်း NUG အနေဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မြန်မာစစ်တပ်အား တိုက်ခိုက်နိုင်သည့် အင်အား ရှိမရှိ မသေချာသလို ယခုကဲ့သို့ စစ်ပွဲကြေညာလိုက်သည့်အတွက် အချို့သော နိုင်ငံများအနေဖြင့် NUG ကို ထောက်ခံမှုပေးရန် အခက်တွေ့နိုင်သည်ဟု သူက ပြောသည်။

ကိုးကား - AP, Reuters

ဗီဒီယိုများ