နိုင်ငံတကာအလယ်မှာ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ ပုံရိပ်ကို ကြေးထပ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုစွဲဆိုချက်ကို ရင်ဆိုင်ရတော့မည့် ဒေါ်အောင်ဆန်းစုကြည်

ယခင်က မဟတ္တမဂန္ဒီ၊ နယ်ဆင်မင်ဒဲလားတို့နှင့်တန်းတူ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်းမှ လူနည်းစုမွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ရန်ရည်စူးကာ သတ်ဖြတ်မှုများကျူးလွန်လျက်ရှိသော စစ်တပ်ဘက်မှ ရှေ့နေလိုက်ကာကွယ်ပေးသူဖြစ်နေပြီဟု နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

By Foreign Desk 11 Dec 2019

ပုံစာ - ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓာတ်ပုံ - AFP)

နိုင်ငံတကာအသိုင်းအဝိုင်းတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအဖြစ်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားသည့် မွတ်ဆလင်များ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)ကို လူမျိုးတုန်းသတ်ဖြတ်မှုစွပ်စွဲချက်များအား သူမ၏နိုင်ငံကို ကိုယ်စားပြု၍ အမှုရင်ဆိုင်သွားရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ထိုကဲ့သို့ အမှုရင်ဆိုင်ရန်ပြင်ဆင်နေစဉ်ကာလမှာပင် သူမကိုထောက်ခံသော "We Stand With You" ဟူသည့် ဆိုင်းဘုတ်များကို မြန်မာနိုင်ငံတဝမ်း၌ တွေ့မြင်နေခဲ့ရသည်။ ထို့ပြင် ထောက်ခံပွဲများကိုလည်း နိုင်ငံအနှံ့အပြားတွင် ကျင်းပလျက်ရှိကြသည်ကို တွေ့ရသည်။ ထိုသို့ထောက်ခံကြောင်း ဖော်ပြလျက်ရှိသူများထဲတွင် နိုင်ငံရေးပါတီများပါဝင်ပြီး လက်နက်ကိုင်သူပုန်အဖွဲ့အချို့ပင် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

ပြည်တွင်း၌ ထိုသို့ထောက်ခံမှုများ ရှိနေသော်လည်း ပြည်ပနိုင်ငံများ၊ အထူးသဖြင့်အနောက်နိုင်ငံများနှင့် မွတ်ဆလင်နိုင်ငံများကြားတွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်မှာ ကျဆင်းလျက်ရှိကာ ဆုတံဆိပ်များ ပြန်ရုတ်သိမ်းခံရခြင်း၊ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်မှ ပြန်လည်ရုတ်သိမ်းခံရခြင်းများပင် ရှိနေလေသည်။

ယခင်က မဟတ္တမဂန္ဒီ၊ နယ်ဆင်မင်ဒဲလားတို့နှင့်တန်းတူ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်းမှ လူနည်းစုမွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်ရန်ရည်စူးကာ သတ်ဖြတ်မှုများကျူးလွန်လျက်ရှိသော စစ်တပ်ဘက်မှ ရှေ့နေလိုက်ကာကွယ်ပေးသူဖြစ်နေပြီဟု နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံကိုယ်စား အမှုရင်ဆိုင်ခြင်းမှာ ပြည်တွင်း၌ ထောက်ခံမှုများစွာရရှိနိုင်သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင်မူ သူမ၏ ကျဆင်းနေပြီးသား လက်ကျန်နာမည်ဂုဏ်သတင်းကို အရင်းပြု၍ ကြေးထပ်ရာရောက်လျက်ရှိသည်။

" သူမအနေနဲ့ ဆက်လက် ငြင်းဆန်ပြီး ဖုံးကွယ်လို့မရနိုင်တဲ့အရာကို ဆက်လက်ကာကွယ်နေဦးမယ်ဆိုရင် ပိုပြီးဘေးကျပ်နံကျပ် ဖြစ်လာလိမ့်မယ်" ဟု ရန်ကုန်အခြေစိုက် လေ့လာသုံးသပ်သူ ဒေးဗစ်မတ်သီယေဆင် ကပြောကြားသည်။

မွတ်ဆလင် ၇၅ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံတွင် နောက်ထပ်လူမျိုးတုန်းသတ်ဖြတ်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ရေးအစီအမံများ ကြေညာပေးရန် ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး၌ တောင်းဆို သွားမည် ဖြစ်သည်။

အနောက်အာဖရိကမှ မွတ်ဆလင် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်သော ဂမ်ဘီယာက မြန်မာနိုင်ငံသည် လွန်ခဲ့သော ၂ နှစ်ခန့်က လူနည်းစုမွတ်ဆလင်အသိုင်းအဝိုင်းကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကာ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသည်။

မွတ်ဆလင် ၇၄၀၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီး ၎င်းတို့သည် လူမျိုးလိုက်ပစ်မှတ်ထားကာ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရကြောင်းပြောကြားခဲ့ကြကာ ကုလစုံစမ်းစစ်ဆေးရေးမှူးများက ယင်းဖြစ်ရပ်များကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တံဆိပ်တပ်ခဲ့ကြသည်။

မြန်မာနိုင်ငံဘက်ကမူ ယင်းစွပ်စွဲချက်များနှင့်ပတ်သက်ပြီး စစ်ဆင်ရေးများသည် ဘင်္ဂါလီလက်နက်ကိုင်သူပုန်များကို ချေမှုန်းသည့် စစ်ဆင်ရေးများသာဖြစ်ကာ နိုင်ငံတကာမှ စွပ်စွဲထားမှုများအတွက်လည်း ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တုံ့ပြန်ဖြေရှင်းထားသည်။ လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဖြေရှင်းချက်များနှင့် စုံစမ်းစစ်ဆေးသည်ဆိုသည့် လုပ်ဆောင်မှုများမှာ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ခြင်းသက်သက်သာဖြစ်သည်ဟု ပြောဆိုကြသည်။

(ဓာတ်ပုံ - AFP)

ကုလသမဂ္ဂအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစိုးရအဖွဲ့သည် ယင်းအကြမ်းဖက်မှုများကို အကာအကွယ်ပေးခြင်းဖြင့် ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ရာရောက်လျက်ရှိကြောင်းလည်း စွပ်စွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ကုလသမဂ္ဂ၏ အစီရင်ခံစာအပါအဝင် နိုင်ငံတကာမှ မြန်မာစစ်တပ်အပေါ် ဝေဖန်မှုများကို လျစ်လျူရှုထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အခြေအနေ၏ရှုပ်ထွေးမှုကို နားမလည်ခြင်းသက်သက်သာ ဖြစ်သည်ဟု တောက်လျှောက်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင် မြန်မာစစ်တပ်အပေါ်စွဲဆိုမှုများကို အကာအကွယ်ပေးရန် သူမ၏ဂုဏ်သိက္ခာနှင့် အလဲအထပ်လုပ်ခြင်းနှင့် ပတ်သက်၍မူ လေ့လာသူများကြားတွင် အမြင်အမျိုးမျိုးကွဲပြားလျက်ရှိသည်။

အချို့က ဒေါ်စုအနေဖြင့် စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင် အကာအကွယ်ပေးခြင်းမှာ စစ်တပ်ကဦးဆောင် ရေးဆွဲထားသည့် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက်ဖြစ်သည်ဟု ပြောကြသည်။

"အစိုးရနဲ့ စစ်တပ်ကြားမှာ အပေးအယူနဲ့ နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေ ရှိလိမ့်ဦးမယ်" ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ခန့်မှန်းပြောကြားသည်။

အခြားသူများကမူ လာမည့်နှစ်တွင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် NLD ပါတီ နိုင်ငံရေးအရအသာရစေမည့် ခြေလှမ်းတစ်ရပ်ဟု သုံးသပ်မှုများလည်းရှိနေသည်။

"ဒီကိစ္စကနေပြီး ရွေးကောက်ပွဲမှာ NLD ပါတီအမြတ်ထွက်လိမ့်မယ်လို့ အဓိကနိုင်ငံရေးပါတီကြီးတွေက သံသယရှိနေတယ် " ဟု စစ်တပ်နှင့်မိတ်ဖက် အတိုက်အခံပါတီဖြစ်သော USDP ပါတီမှ ဦးခင်ရီကပြောကြားသည်။

သို့သော် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံကိုယ်စား အမှုရင်ဆိုင်ခြင်းကြောင့် ရရှိလာမည့်ဆန္ဒမဲများမပါဝင်လျှင်ပင် လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီကသာ တောင်ပြိုကမ်းပြိုအနိုင်ရလိမ့်ဦးမည် ဟူသော ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။

မြန်မာ့သမိုင်းပညာရှင်နှင့် စာရေးဆရာ သန့်မြင့်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်၏ ရွှေ့ကွက်မှာ နိုင်ငံရေးအရသက်သက်သာဖြစ်သည်ဟူသော ပြောဆိုမှုများကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု အမှန်တကယ်ယုံကြည်၍သာ အမှုရင်ဆိုင်ခြင်းဖြစ်မည်ဟု မှတ်ချက်ပေးသည်။

သူမအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာနိုင်ငံအပေါ် မမျှမတ တုံ့ပြန်ပြောဆိုမှုများအပေါ် အမှန်တကယ် မကျေမနပ်ဖြစ်လျက်ရှိကာ တရားရုံးတွင် ခုခံပြောဆိုလိုလျက်ရှိပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးအမှုရင်ဆိုင်ရန်အတွက် သူမထက်သင့်လျော်သူမရှိဟု အမှန်တကယ်ယုံကြည်၍ ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်မည်ဟု ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခြင်းကို မြန်မာနိုင်ငံအတွင်းမှ ထောက်ခံကြောင်းဖော်ပြရဲသည်မှာ လက်တလော မြန်မာစစ်တပ်နှင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်သော MNDAA၊ TNLA နှင့် AA တို့သာ ရှိသည်။

ထိုအဖွဲ့များသည်ပင် ၎င်းတို့၏ကြေညာချက်တွင် ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို ဖော်ပြခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်မှ လာသူများဟု အဓိပ္ပါယ်ရသော ဘင်္ဂါလီဟူသည့် အသုံးအနှုန်းဖြင့်သာ ဖော်ပြသုံးနှုန်းထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့ရှိ မြန်မာအစ္စလာမစ်စင်တာမှ ဦးအေးလွင်ကမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဂ္ဂိုလ်ရေးအရတာဝန်ရှိသည်ဟု ယူဆပြီး ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်ထားသည်များကို စစ်ဆေးဖော်ထုတ်မည့် နိုင်ငံတရားရုံးသို့ အမှုရင်ဆိုင်ရန်သွားရောက်ခြင်းမှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်ဟု သူ့အနေဖြင့် ယူဆကြောင်းပြောကြားသည်။

"ဒါက အရှုံး၊အနိုင် ဆုံးဖြတ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ အမှန်တရားကိုဖော်ထုတ်ပြီး တရားမျှတမှုမရှိ ဖြစ်နေတာတွေကို တည့်မတ်ကြရမယ့် ကိစ္စပါ" ဟု ၎င်းကပြောကြားသည်။

မောင်ဖြိုး
(Asia Times တွင်ဖော်ပြထားသော AFP ဆောင်းပါး Aung San Suu Kyi risks image defending Rohingya genocide by ByRICHARD SARGENT | HLA-HLA HTAY ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြပါသည်။)

ဗီဒီယိုများ