မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများ၏အရေးပါမှု (ပထမပိုင်း)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏စစ်တပ်က မြန်မာနိုင်ငံကိုအာဏာ သိမ်းပြီး သုံးလကျော်သွားပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမည်ဖြင့် စစ်အာဏာရှင် အစိုးရသစ်ကို တရားမဝင်တည်ထောင်ခဲ့သည်။

By ကြည်ဖြူစံ 08 Apr 2022

ဓာတ်ပုံ - Reuters

ဘာသာပြန်ဆောင်းပါး၊ DMG

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏စစ်တပ်က မြန်မာနိုင်ငံကိုအာဏာ သိမ်းပြီး သုံးလကျော်သွားပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အမည်ဖြင့် စစ်အာဏာရှင် အစိုးရသစ်ကို တရားမဝင်တည်ထောင်ခဲ့သည်။

တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့၏ဆက်စပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) ၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော် လည်းကောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ၎င်း၏ SAC ကိုရှုံးနိမ့်မည်ဆိုပါက ဝေဖန်စရာဖြစ်လာပေလိမ့်မည်။ SAC အနေဖြင့် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များ၏ ထောက်ခံမှုကိုမရရှိခြင်းက မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာအုပ်ချုပ်လာခဲ့သော စစ်အုပ်ချုပ်ရေးကို ထိခိုက်စေနိုင်သလို အချုပ်အခြာအာဏာပိုင် နိုင်ငံငယ်များအဖြစ်သို့ ခွဲထွက်သွားရန် ဦးတည်နေသည်။

မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ၏အရေးပါမှုကို ကောင်းစွာနားလည် သဘောပေါက်ရန် ၂၀၁၀ ခုနှစ်ကစတင်ခဲ့သော မြန်မာ့နိုင်ငံရေးတိုးတက်မှုများကို ဆန်းစစ်ရန်လိုအပ်ပေသည်။ အရပ်ဘက်-စစ်ဘက် အုပ်ချုပ်ရေးစနစ်ဖြင့် လည်ပတ်နေခဲ့သော အရပ်သားအစိုးရလက်ထက်တွင် အရပ်သားအစိုးရကိုဖြုတ်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုံးဖြတ်ချက် ချခဲ့သည့်အတွက် မြန်မာနိုင်ငံအနာဂတ်ကို ဆုံးဖြတ်ရာတွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ၏ အခန်းကဏ္ဍက အရေးကြီးလာသည်။

သို့သော်လည်း မြန်မာ့အနာဂတ်အတွက် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ အဘယ့်ကြောင့် ဤမျှဝေဖန်ခံနေရသည်ကို နားလည်ရန် မြန်မာ့တပ်မတော်၏ မူလအစီအစဉ်ကို ဦးစွာစစ်ဆေးဖို့လိုအပ်ပါသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်”သို့ ကူးပြောင်းခဲ့သည်။

မြန်မာ့နိုင်ငံရေးအကူးအပြောင်းအတွက် တပ်မတော်၏ အစီအစဉ်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က “ဒီမိုကရေစီလမ်းပြမြေပုံ ရ ရပ်” ကို အကောင်အထည်ဖော်မည်ဟု ကြေညာခဲ့သည်။ ၎င်းတွင် ၁၉၉၆ ခုနှစ်က ဆိုင်းငံ့ထားခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါလီမန်ရွေးကောက်ပွဲ ကျင်းပရေး၊ နအဖ မှ အစိုးသစ်သို့ အာဏာလွှဲပြောင်းရေး စသည်တို့ ပါဝင်သည်။

လမ်းပြမြေပုံနောက် လိုက်ပါခြင်း

ဗိုလ်ချုပ်ကြီးခင်ညွန့်၏ လမ်းပြမြေပုံအရ ၂၀၀၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် နအဖသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သဘောတူညီချက်များကို ပြန်လည်စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီ ၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်းကို နအဖက ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဟု အတည်ပြုကြေညာခဲ့သည်။ သို့သော်ငြား ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူတစ်သိန်းထက်မနည်း သေဆုံးခဲ့ရသည်။

အများစုမှာ ရန်ကုန်တစ်ဝိုက်မြို့များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ရ မြို့နယ်တို့မှလူများ ဖြစ်သည်။ ကနဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ဆက်လက်ကျင်းပမည်ဟု ကြေညာခဲ့သော်လည်း စီစဉ်ထားသည့်အတိုင်း မေလ ၆ ရက်နေ့တွင် မဲပေးခြင်းကို မေလ ၂၄ ရက်နေ့အထိ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တရားဝင်ရလဒ်များကို နအဖ ကထုတ်ပြန်ကြေညာခဲ့ပြီး အရည်အချင်းပြည့်မီသော မဲဆန္ဒရှင် ၂၇,၂၈၈,၈၂၇ ဦး၏ ၉၈ ဒဿမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြပြီး ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးခဲ့ကြသော်လည်း တရားဝင်ရလဒ်များက လိမ်ညာမှုများသာ ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ရ ရက်နေ့တွင် ပထမဆုံးပါလီမန်ရွေးကောက်ပွဲကို နအဖ ကကျင်းပခဲ့သည်။ NLD နှင့် တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီအများအပြားက ရွေးကောက်ပွဲသပိတ်မှောက်ခြင်း သို့မဟုတ် ဝင်ရောက်မယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီ ၂၀ နီးပါးအပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်မှကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မဲဆန္ဒရှင် များအားခြိမ်းခြောက်ခြင်း၊ မဲပုံးများလဲလှယ်ခြင်းနှင့် အခြားရွေးကောက်ပွဲဆိုင်ရာ မသမာမှုများရှိသည်ဟု စွပ်စွဲခံရသော်လည်း တပ်မတော်လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော် တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ၃၂၅ နေရာအနက် ၂၅၉ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် ၁၆၈ နေရာတွင် ၁၂၉ နေရာအနိုင်ရခဲ့ကြောင်း နအဖက ကြေညာခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပခဲ့ပြီး ယခင် နအဖ ဝန်ကြီး ချုပ်ဗိုလ်ချုပ်သိန်းစိန်က နိုင်ငံတော်သမ္မတအဖြစ် လည်းကောင်း၊ နအဖ အတွင်းရေးမှူး ၁ တင်အောင်မြင့်ဦးနှင့် USDP မှရှမ်းတိုင်းရင်းသား ဒေါက်တာစိုင်းမောက်ခမ်းက ဒုတိယသမ္မတအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ဖို့ မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုအစိုးရထံ တရားဝင်အာဏာ လွှဲပြောင်းပေးခဲ့ပြီး “ဒီမိုကရေစီလမ်းပြမြေပုံ ရ ရပ်” ပြီးမြောက်စေခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အသီးသီးတွင် တပ်မတော်သည် ပြည်ထောင်စုအစိုးရသစ်အပေါ် လွှမ်းမိုးနိုင်မည်ဟု အာမခံထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပြည်ထောင်စုလွှတ်တော်နှစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုစီတွင် အရေအတွက်တူညီသည့် အမျိုးသားလွှတ်တော်နှင့်  မြို့နယ်တစ်ခုစီမှ ပြည်သူ့လွှတ်တော်တစ်ရပ်စီ ခွဲဝေပေးထားသည်။ ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားသည့် လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို သီးသန့်ထားရှိသည်။ အဆိုပါပြဌာန်းချက်များအရ တပ်မတော်မှလိုလားသော နိုင်ငံရေးပါတီများသည် ပြည်ထောင်စုလွှတ်တော်ကိုထိန်းချုပ်ရန် အတွက် အခန်းကဏ္ဍတစ်ခုစီတွင် ပါဝင်ယှဉ်ပြိုင်ရန် အမတ်နေရာ ၂၅ ရာခိုင်နှုန်းသာ လိုအပ်သည်ဟုဆိုသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားများ၏ထောက်ခံမှု မရဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုလွှတ်တော်တွင် ခန့်အပ်ထားသော တပ်မတော်သားများအား သမ္မတ လောင်းသုံးဦးအနက်မှ တစ်ဦးကို အမည်စာရင်းတင်သွင်းခွင့်အပြင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းသည် အနည်းဆုံး ဒုသမ္မတနှစ်ဦးအနက် တစ်ဦးဖြစ်လာစေရန် အာမခံချက်လည်းရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာ၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးများကို ရွေးချယ်နိုင်ခွင့်ရှိပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF) နှင့် နယ်ခြားစောင့်တပ်များ (BGFs) အပါအဝင်နိုင်ငံတော်၏ လုံခြုံရေးအားလုံးကို အုပ်စိုးပိုင်ခွင့်ရှိသည်။ နောက်ဆုံးအနေဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ အားလုံးကို ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးနိုင်သော ကာကွယ်ရေးနှင့် လုံခြုရေးကောင်စီ ၁၁ ဦးအနက် ၆ ဦးကို တပ်မတော်အရာရှိများ သို့မဟုတ် စစ်ဦးစီးချုပ်က ရွေးချယ်သည်။

ပြည်ထောင်စုအစိုးရ ထူထောင်ခြင်းမှ ရရှိသော တပ်မတော်၏အကျိုးကျေးဇူးများ

၂၀၁၁ ခုနှစ် နအဖအာဏာလွှဲပြောင်းမှုက တပ်မတော်အတွက် အကျိုးရှိစေရန် ရည်ရွယ်သည်။ အာဏာရနှစ် ၅၀ နီးပါးကာလအတွင်း တပ်မတော်က နိုင်ငံတော်အပေါ် ဆိုးရွားစွာ စီမံခန့်ခွဲအုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံအား ဒေသတွင်း အချမ်းသာဆုံးနိုင်ငံအဖြစ်မှ အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ တိုင်းသူပြည်သားများ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးတာဝန်ကို ပြည်ထောင်စုအစိုးရထံ လွှဲပြောင်းခြင်းဖြင့် စီးပွားရေး ဆက်လက်ကျဆင်းနေပါက နောက်ဆက်တွဲအဖြစ် စီးပွားရေးပြန်လည် ဦးမော့လာနိုင်ရန် တပ်မတော်က အကြွေးယူနိုင်သည်။

ဒုတိယအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်နှင့် တပ်မတော်လိုလားသော နိုင်ငံရေးပါတီများက ပြည်ထောင်စုလွှတ်တော်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ စစ်ဘက်လိုလားသော သမ္မတများ နှင့် ဒုတိယသမ္မတများ ရွေးချယ်ပေါင်းစပ်ကာ အရပ်ဘက် - စစ်ဘက် ပြည်ထောင်စုအစိုးရတွင် အရပ်သားဘက်ခြမ်းကို အုပ်ချုပ်ရန် စစ်တပ်လိုလားသောဝန်ကြီးများ ခန့်အပ်နိုင်သည်။

တတိယအချက်မှာ ပေါင်းစပ် အရပ်သား - စစ်သားအစိုးရထံ အာဏာလွှဲပြောင်းမှုသည် နှစ်ပေါင်း ရ၀ ကျော်ကြာ ခဲ့ပြီးဖြစ်သော ပြည်တွင်းစစ်ကို ချုပ်ငြိမ်းပေးပြီး EAO ၂၀ ကျော်အတွက်လည်း လုံလောက်သောအခြေအနေတစ်ရပ်ဖြစ်မည်ဟု နအဖက ယူဆခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအားလုံး တန်းတူညီမျှခွင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအတွက် တန်းတူညီမျှရေး ပြဌာန်းချက်များသည် ပြည်ထောင်စုအစိုးရသစ်ကို ထောက်ခံအားပေးရန်နှင့် တိုင်းရင်းသားများ၏ ခုခံကာကွယ်စစ်ကို စွန့်လွှတ်ဖို့လုံလောက်သည်ဟု တပ်မတော်က ယုံကြည်သည်။

စတုတ္ထအချက်မှာ ပြည်ထောင်စုအစိုးသစ်တစ်ရပ် တည်ထောင်ခြင်းဖြင့် ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စုတို့က စစ်အာဏာရှင်များအပေါ် ချမှတ်ထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအမျိုးမျိုးကို ဖယ်ရှားရန် စည်းရုံးပေးနိုင်လိမ့်မည်ဟု နအဖက မျှော်လင့်ထားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၁၁ ခုနှစ်တွင် နအဖ မှ ပြည်ထောင်စုအသွင်ကူးပြောင်းရေးက မြန်မာ့အုပ်ချုပ်ရေးကို စစ်တပ်က အမှန်တကယ်ထိန်းသိမ်းထားစဉ် ကာလအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုအဖြစ် အထင်ကြီးလာစေရန် ပုံဖော်ထားသော နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်သာ ဖြစ်သည်။ စင်စစ်တော့ တပ်မတော်၏ မျှော်လင့်ချက်မှာ ပြည်တွင်းပြည်ပ ဝေဖန်ရေးသမားများကို လှည့်စားနိုင်မည့် ထွင်လုံးသက်သက်သာဖြစ်သည်။ ပြည်တွင်းမှာတော့ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ဗမာတိုင်းရင်းသားအများစုကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလားအလာများရှိကြောင်း စည်းရုံးနိုင်ခဲ့သည်။ နိုင်ငံတကာတုံ့ပြန်မှုကလည်း အစောပိုင်းတွင် သတိထားမိကြောင်း ဖော်ပြခဲ့ပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးအပေါ် နိုင်ငံတကာကန့်သတ်ချက်များအားလုံး နီးပါး ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းတွင် ရုတ်သိမ်းသွားခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့၏ EAO များသည် တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိပျက်ကွက်မှုများ အတွေ့အကြုံများစွာ ရှိခဲ့သောကြောင့် တပ်မတော်အပေါ် အယုံအကြည်မရှိဆဲ ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားလူနည်းစုများ နှင့် EAO များ၏အခန်းကဏ္ဍ

ပြည်ထောင်စုအစိုးရ၏ ပထမငါးနှစ်သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက တပ်မတော်၏မျှော်မှန်းချက်နှင့်အညီ လည်ပတ်နေပုံပေါ်သည်။ သို့သော်လည်း ဖြစ်ရပ်များကို ပိုမိုနီးကပ်စွာ ဆန်းစစ်ကြည့်လျှင် အထူးသဖြင့် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များနှင့် ပတ်သက်ပြီး နောက်ခံပြဿနာများကို ထုတ်ဖော်ပြသနေသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ တခဲနက်အောင်ပွဲခံမှုက မြန်မာနိုင်ငံအတွက် တပ်မတော်၏ လိုလားချက်လမ်းကြောင်းမှ ရှင်းရှင်းလင်းလင်း သွေဖီသွားခြင်းဖြစ်သော်လည်း နိုင်ငံ့အရေးတက်ကြွလှုပ်ရှားမှုတွင် တိုင်းရင်းသားလူနည်းစုများနှင့် EAO များ၏ အရေးပါမှုကိုလည်း ဆက်ပြီးဖော်ပြခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအချို့ ပြည်နယ် ရ ပြည်နယ်တွင် NLD လွှမ်းမိုးမှုကို စိန်ခေါ်ရန် မအောင်မြင်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကတော့ တိုင်းရင်းသားမဲဆန္ဒရှင်များနှင့် EAO များ၏နိုင်ငံရေးအရ အရေးပါမှုကို ဆက်ပြီးဖော်ပြနေသည်။

၂၀၁၀ ရွေးကောက်ပွဲများ

၂၀၁၀ ရွေးကောက်ပွဲရလဒ်များက ပြည်ထောင်စုအစိုးရ၏ အရပ်ဘက် - စစ်ဘက် နှစ်ဘက်စလုံးချုပ်ကိုင်ထားသော နအဖ ရည်မှန်းချက်များနှင့် ကိုက်ညီသော်လည်း ရွေးကောက်ပွဲလိမ်လည်မှုများနှင့် အခြားသောမဲမသမာမှုများ ရှိခဲ့သည်ဟု ယုံကြည်လောက်ဖွယ် စွပ်စွဲမှုများရှိနေသည်။ ALTSEAN အဆိုအရ “အာဆီယံ နဲ့ တရုတ်ကလွဲပြီး မြန်မာပြည်တွင်း နဲ့ပြည်ပနိုင်ငံတွေက ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြတယ်”။ ရွေးကောက်ပွဲနေ့တွင်ထုတ်ပြန်သော အိမ်ဖြူတော် ထုတ်ပြန်ချက်ကြေညာချက်တွင် “နိုဝင်ဘာ ရ ရက်ရွေး ကောက်ပွဲများသည် လွတ်လပ်ပြီးတရားမျှတမှု မရှိသလို တရားဝင်ရွေးကောက်ပွဲများသည် နိုင်ငံတကာမှ လက်ခံထားသော စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း” ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနေရာ ရရှိခဲ့သော်လည်း တိုင်းရင်းသား ပြည်နယ် ရ ပြည်နယ်အနက် ၄ ပြည်နယ်ရလဒ်များက တပ်မတော်ဗျူဟာတွင် နက်ရှိုင်းသော အက်ကြောင်းကြီး များရှိနေကြောင်း ပြသခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ်တော် ၁၂ နေရာအနက် ၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၉ နေရာအနက် ၂ နေရာ အနိုင်ရရှိခဲ့ပြီး ချင်းအမျိုးသားပါတီ၊ ချင်းပြည်နယ် EAO ဆက်စပ်နိုင်ငံရေးပါတီ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း ပြည်သူ့လွတ်တော်တွင် ၂ နေရာအနိုင်ရရှိခဲ့သည်။ မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ(AMRDP) က အမျိုးသားလွှတ်တော် ၁၂ နေရာ အနက် ၄ နေရာနှင့် ပြည်သူ့လွှတ်တော် ၁၀ နေရာအနက် ၃ နေရာအနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က အမျိုးသားလွှတ်တော် ၁၂ နေရာအနက် ရ နေရာနှင့် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ၁၇ နေရာအနက် ၉ နေရာ အနိုင်ရရှိခဲ့သည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၁ နေရာအနက် ၅ နေရာအတွက် မဲခွဲဆုံးဖြတ်ခဲ့ချိန်တွင် သီးခြားတိုင်းရင်းသားနိုင်ငံရေးပါတီ ၅ ပါတီ အနိုင်ရခဲ့သည့် ရှမ်းပြည်နယ်တွင် ရလဒ်များ ပိုမိုရှုပ်ထွေးခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် ၅၁ နေရာ ရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ၁၈ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာ အနက် ၃ နေရာ အနိုင်ရခဲ့သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပြည်သူ့လွှတ်တော်တွင် ၃ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁ နေရာ အနိုင်ရခဲ့သည်။

“ဝ”ဒီမိုကရက်တစ်ပါတီ (WDP) က ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၂ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁ နေရာ အနိုင်ရခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် တအာင်း အမျိုးသားပါတီ (TNP) က ၁ နေရာနှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၁ နေရာ အနိုင်ရရှိခဲ့သည်။

ကချင်၊ ကယား နှင့် ကရင်ပြည်နယ်တို့ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ရလဒ်များညံ့ဖျင်းရခြင်းမှာ အချက် ၂ ချက်ကြောင့်ဖြစ်သည်။ ပထမအချက်မှာ ကျော်ကြားထင်ရှားသော ပါတီအချို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ ဒုတိယအချက်မှာ နအဖရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲပါဝင်ရန် ကြိုးပမ်းခဲ့ကြသည့် တိုင်းရင်းသားပါတီအချို့ကို အရည်အချင်းမပြည့်ဝဟု ဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပေ။ ခြုံကြည့်လျှင် ၂၀၁၀ ရွေး ကောက်ပွဲရလဒ်များက တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများအပေါ် အလွန်ရေပန်းမစားကြောင်း ဖော်ပြနေသည်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြသွားပါမည်။

ကြည်ဖြူစံ

Stimson Center တွင်ဖော်ပြထားသော Michael F. Martin ရေးသားသည့် “The Importance of Ethnic Minorities to Myanmar’s Future” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ