- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
အီရန်ဒုံးကျည်ကြောင့် ဦးနှောက်ထိခိုက်မှု ခံစားနေရသူ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၉ ဦးအထိ မြင့်တက်
အီရန်ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် ခံစားရသည့် ရောဂါလက္ခဏာများသည် အချို့တပ်ဖွဲ့ဝင်များထံတွင် ချက်ချင်းမပေါ်ဘဲ တစ်နှစ် နှစ်နှစ်ခန့် ကြာနေနိုင်သေးကြောင်းလည်း အီရတ်ရှိ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြောကြားသည်။
11 Feb 2020

အီရန်တို့၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ဦးနှောက်ထိခိုက်မှုခံစားနေရသူ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေသည် ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း ပင်တဂွန်က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
တိုက်ခိုက်မှုကြောင့် ဦးနှောက်ထိခိုက်မှုခံစားရသူ ဦးရေသည် ပြီးခဲ့သော သီတင်းတစ်ပတ်ကျော်ခန့်က ၆၄ ဦးသာရှိခဲ့ရာမှ ယခု ၁၀၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ပင်တဂွန်က ပြောကြားလိုက်ခြင်းဖြစ်သည်။
ဝေဒနာရှင်ဦးရေသည် ပိုများလာနိုင်သေးကြောင်းလည်း ပင်တဂွန်က ပြောကြားသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
ကုသခံရသူများအနက် ၇၆ ဦးသည် မူလတာဝန်များကို ပြန်လည်ထမ်းဆောင်နေပြီဖြစ်ပြီး ၂၆ ဦးသည် ဂျာမနီ သို့မဟုတ် အမေရိကန်တွင် ကုသမှုများခံယူလျက်ရှိကာ နောက်ထပ် ၇ ဦးအား လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ပြီး ကုသပေးရန် အီရတ်မှ ဂျာမနီသို့ ပို့ထားကြောင်း ပင်တဂွန်က ပြောကြားသည်။
အီရန်ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုကြောင့် ခံစားရသည့် ရောဂါလက္ခဏာများသည် အချို့တပ်ဖွဲ့ဝင်များထံတွင် ချက်ချင်းမပေါ်ဘဲ တစ်နှစ် နှစ်နှစ်ခန့် ကြာနေနိုင်သေးကြောင်းလည်း အီရတ်ရှိ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ပြောကြားသည်။
အီရန်သည် ၎င်း၏ထိပ်တန်းအရာရှိ ကာဆမ်ဆိုလေမာနီအား အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့မှုကို လက်စားစေသည့်အနေနှင့် အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း အယ်လ်အာဆက် အား ဇန်နဝါရီလ ၈ ရက်နေ့တွင် ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုများအပြီး မကြာမီပင် သမ္မတဒေါ်နယ်ထရမ့်သည် “အကုန်အခြေအနေကောင်းတယ်” ဟု တွစ်တာပေါ်၌ ရေးသားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ဦးနှောက်ထိခိုက်ခံစားရသူများ ရှိလာခဲ့ပြီး ဝေဒနာရှင်အရေအတွက်ကို ပင်တဂွန်က ပုံမှန် သတင်းထုတ်ပြန်ပေးလျက်ရှိရာ ယခုသီတင်းပတ်တွင် သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။