အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကြောင့် ပလက်ဝဒေသခံများ အလုပ်ကိုင်အခွင့်လမ်းများ ရနေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်ပြည်ကို ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းကြောင့် ပလက်ဝဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြပြီး စားဝတ်နေရေးအတွက် အဆင်ပြေနေကြသည်ဟု ဒေသခံများက ပြောသည်။

By Admin 10 Sep 2025

ပလက်ဝမြို့နယ်အတွင်း အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလမ်းပိုင်းကို ဩဂုတ်လက တွေ့ရစဉ်။
ပလက်ဝမြို့နယ်အတွင်း အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလမ်းပိုင်းကို ဩဂုတ်လက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၀

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ရခိုင်ပြည်ကို ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းကြောင့် ပလက်ဝဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြပြီး စားဝတ်နေရေးအတွက် အဆင်ပြေနေကြသည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်က ဒေသခံများမှာ ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်အရောင်းအဝယ်ပြုလုပ်ခြင်း ကုန်စည်ပို့ဆောင်သည့် စက်လှေမောင်းခြင်း၊ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းများ ပြုလုပ်ကြသည့်အတွက် နေ့စဉ် ဝင်ငွေရ ကောင်းနေပြီး ယခင်ထက် စီးပွားရေး အဆင်ပြေလာကြောင်း ဒေသခံများက ပြောသည်။

" အိန္ဒိယ- ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းမှာ ဒေသခံတွေအတွက် အတော်လည်းကို အဆင်ပြေကြတယ်။ အရင်က တောင်ယာလုပ်လို့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့ အခြေအနေကနေ အခု ကုန်စည်ပို့ဆောင်ရေးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖြစ်လာတော့ အရင်ကထက် စီးပွားရေးအရ အဆင်ပြေလာတယ်လို့ ပြောလို့ရတယ် " ဟု အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်ပို့ဆောင်ရေးလုပ်နေသည့် ပလက်ဝဒေသခံ ခူမီးအမျိုးသားတစ်ဦးက ပြောသည်။

ပလက်ဝ ဒေသခံအများစုမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်ပြီး ကုန်အရောင်းအဝယ် ပြုလုပ်ခြင်း၊ စက်လှေမောင်းနှင်ခြင်း၊ ကုန်တင်ကုန်ချ လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြခြင်းဖြစ်သည်။

ထို့သို့ ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြရာတွင် စက်လှေတစ်စင်းကို တစ်ရက်လျှင် ကျပ်ငွေ ၈ သိန်းမှ ၁၄ သိန်းအထိ ပေါက်ဈေးရှိပြီး မော်တော်ဘုတ်တစ်စီးကို ပလက်ဝ- ကျောက်တော် တစ်ကြောင်းလျှင် ကျပ်ငွေ ၁၄ သိန်းမှ ၁၈ သိန်းအထိ ပေါက်ဈေးရှိနေကြခြင်းဖြစ်သည်။

" အခုကတော့ ကုန်တင်ကုန်ချတွေ၊ ကုန်ပစ္စည်းသယ်ယူတာတွေနဲ့ စက်လှေမောင်းကြတော့။ တစ်နေ့ကို စက်လှေ အငှားမောင်းရင်လည်း တစ်နေ့ကို တစ်သိန်းခွဲအထိ ရကြတယ်။ စက်လှေမောင်းရာမှာ ကုလားတန်မြစ်ကြောင်း ခရီးလမ်းကို ဒေသခံတွေက သေချာသိထားတော့ အခြားဒေသက လူတွေ အဆင်မပြေဘူး။ ဒါကြောင့် စားဝတ်နေရေး အဆင်ပြေတယ်လို့ ပြောရမယ် " ဟု နောက်ထပ် စက်လှေသမား ခူမီးလူမျိုးတစ်ဦးက ဆိုသည်။

လက်ရှိ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွင် စက်လှေမောင်းနှင်ခြင်းအလုပ်ကို နယ်မြေဒေသ လမ်းကြောင်း ကျွမ်းကျင်သည့် ပလက်ဝဒေသခံများက အဓိက လုပ်ကိုင်နေကြသည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ် အလယ်ပိုင်းကတည်းက စတင်ပြုလုပ်နေကြခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံဖက်က စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများကို အဓိက တင်သွင်းနေကြခြင်းဖြစ်သည်။

" အရင်တုန်းကဆိုရင် တောင်ယာလုပ်တယ်။ သမရိုးကျဆိုတော့ စီးပွားရေး ကျပ်တည်းကြတယ်။ အခုကတော့ နယ်စပ်လမ်းကြောင်း ပွင့်လာတော့ အလုပ်က နေရာတိုင်းမှာ ရှိတယ်။ စက်လှေ ငှားမလား။ ကိုယ်တိုင်မောင်း မလား။ ကုန်တင်ကုန်ချ၊ ဈေးဆိုင် စသဖြင့်ပေါ့လေ။ ရွှေငွေတွေတောင် စုဆောင်းနိုင်လာတယ် " ဟု ပလက်ဝ ဒေသခံနောက်တစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေးကဏ္ဍများတွင်လည်း အာရက္ခတပ်တော်က မရာနယ်ကာကွယ်ရေးတပ်(MTC/MDF)တို့နှင့် ပူးပေါင်းပြီး နယ်မြေကို အချိုးကျခွဲဝေ အုပ်ချုပ်မှုများရှိကြသည်ဟု ဒေသခံများထံက သိရသည်။

ယင်းအပြင် အာရက္ခတပ်တော်က မြေပြင်တွင် အုပ်ချုပ်ရေးကို သူတို့အဖွဲ့အစည်းတစ်ခုတည်းက လက်ဝါးကြီး အုပ်ထားခြင်းမရှိဘဲ ဒေသခံ မျိုးနွယ်စု ခေါင်ဆောင်များနှင့် စုပေါင်းဖွဲ့စည်းပြီး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု DMG က စကားပြောခွင့် ရရှိခဲ့သည့် နောက်ထပ် ပလက်ဝဒေသခံ ခူမီးအမျိုးသားတစ်ဦးက ပြောသည်။

" အာရက္ခတပ်တော်က အုပ်ချုပ်ရေးကို လက်ဝါးကြီး အုပ်ထားတာမျိုး မရှိဘူး။ ရခိုင်တွေ နေထိုင်တဲ့ ဒေသတွေကို AA ကအုပ်ချုပ်ပြီးတော့ ချင်းတွေနေထိုင်တဲ့ ဒေသတွေကို မရာလန်းကာကွယ်ရေးတပ်နဲ့ မြေပြင်မှာရှိတဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေကို အာဏာအပြည့်ပေးထားတာ ရှိတယ်။ အဲဒီ မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ AA ပူးပြီးတော့မှ မြို့နယ်တစ်ခုလုံးအတွက် လုပ်ကြတာရှိတယ် " ဟု ပြောသည်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေသည်။

ပလက်ဝဒေသတွင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)လည်း ရှိနေပြီး အဆိုပါ စီမံကိန်းများ လည်ပတ်လာပါက ဒေသခံများအတွက် အခွင့်အလမ်း များစွာ ရရှိလာမည်ဟုလည်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဒေသထွက်ကုန်များမှာ နှမ်း၊ မြေပဲ၊ ဂမုန်းနှင့် ဂျင်းတို့အပြင် ငရုပ်၊ လိမ္မော်သီး စသည့်လုပ်ငန်းများ လုပ်ဖြစ်ကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ ပလက်ဝမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး ခူမီး၊ မရာ၊ ဒိုင်၊ ရခိုင်၊ ခေါင်စိုစသည့် မျိုးနွယ်စုများ နေထိုင်ကြသည်။